
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး လူတယောက်ရဲ့ စားစရိတ် တရက်ကို ပျမ်းမျှ ကျပ် ၁၅,၀၀၀ ရှိလာချိန်မှာ တရက်ကို ကျပ် ၁၀,၀၀၀ ဝန်းကျင်သာ ရနေတဲ့ အနိမ့်ဆုံး လုပ်အားခက ထမင်းနပ်မှန်အောင် စားဖို့ မလောက်ငဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အနည်းဆုံး လုပ်အားခကို ၂၀၁၈ ခုနှစ်ကတည်းက အခြေခံ ၄,၈၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး လက်ရှိအချိန်မှာတော့ အပိုထောက်ပံ့ကြေးတွေ အပါအဝင် တရက်ကို အနိမ့်ဆုံး လုပ်အားခက ၇,၈၀၀ ကျပ်သာ ရှိပါတယ်။
ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ စက်မှုဇုန်တို့က စက်ရုံအလုပ်သမားတွေရဲ့ လုပ်အားခဟာ တရက်ကို ကျပ် ၁၂,၀၀၀ ဝန်းကျင်ကနေ ၁၃,၅၀၀ ဝန်းကျင်သာ ရရှိနေတာပါ။
အာဏာမသိမ်းခင်ကထက် လက်ရှိ ကုန်ဈေးနှုန်းက ၅ ဆနီးပါး မြင့်တက်လာတာနဲ့အမျှ အနိမ့်ဆုံး လုပ်ခနဲ့ နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းဖို့က ပိုမိုခက်ခဲလာပါတယ်။
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်နေ အိမ်ထောင်ရှင်မတယောက်က “ကုန်ဈေးနှုန်း မထိန်းချုပ်နိုင်တဲ့ အနေအထားတွေကြောင့် ပြည်သူလူထုက အသုံးစရိတ်တွေ အရမ်းကျပ်တည်းလာတယ်။ အရမ်းကို ချွေတာသုံးရတယ်။ အိမ်လခ အသုံးစရိတ်တွေလည်း အရမ်းတက်လာတယ်။ ဘေးကျပ်နံကျပ်ပေါ့။ ဒီလိုပဲ မရ၊ ရတဲ့နည်းနဲ့ အသက်ရှင်ရတယ်၊ လျှောက်လှမ်းရတယ်။ အရမ်းကိုမှ စရိတ်တွေက ချွေတာနေရတယ်။ ကျမတို့ မိသားစုဆိုရင် မနက်စာဆိုရင် အိမ်မှာပဲ စားဖြစ်အောင် ကြိုးစားပါတယ်။ အပြင်မှာစားရင်တော့ အနည်းဆုံး ၅,၀၀၀ ဝန်းကျင်လောက်တော့ ကုန်ကျမယ်။ မုန့်ဟင်းခါးတပွဲကလည်း ၂,၅၀၀၊ ၃,၀၀၀၊ လက်ဖက်ရည်နဲ့ဆိုရင် နေ့စဉ် ၅,၀၀၀ လောက် ကုန်ကျတော့ စားဖို့အတွက် အခက်အခဲတော့ရှိတယ်” လို့ ပြောပါတယ်။
လက်ရှိ ကုန်ဈေးနှုန်းတွေအရ ဈေးကွက်ထဲမှာ လက်ဖက်ရည်တခွက် ကျပ် ၃,၀၀၀ ဝန်းကျင် ရှိလာချိန်မှာ မနက်စာကို အပြင်မှာ ဝယ်စားဖို့ဆိုတာ အခြေခံလူတန်းစားတွေအတွက်တော့ လက်လှမ်းမမီတော့ပါဘူး။
ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၅ ခုနှစ် စောင့်ကြည့်လေ့လာချက်အရ ၂၀၂၅ ခုနှစ် ဧပြီလအထိ တနှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၃၄ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အစားအသောက် ဈေးနှုန်း ဖောင်းပွမှုက ၂၉ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
အနိမ့်ဆုံးလုပ်ခဟာ လက်ရှိကုန်ဈေးနှုန်းကို အလျင်မမီတာကြောင့် အလုပ်သမားတွေဟာ အနည်းဆုံး လုပ်အားခကျပ် ၂၀,၀၀၀ အထက် ရသင့်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “ကျနော်တို့ လုပ်ခလစာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့အခါတိုင်းမှာ နှုန်းထားက ကုန်ဈေးနှုန်းကို အလျင်မမီဘူး။ အဲ့တော့ ကျနော်တို့က ပြီးခဲ့တဲ့နှစ်မှာပဲ MICS အဖွဲ့ချုပ်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကျပ် ၁၅,၆၀၀ နဲ့ ကောက်ယူရရှိခဲ့တယ်။ ဒါ အနည်းဆုံးလုပ်ခ၊ တနည်းအားဖြင့် အခြေခံလစာ ဖြစ်တယ်။ ဒါပေမဲ့ ပြဿနာက ဘာဖြစ်လဲဆိုရင် ၁၅,၆၀၀ ရဖို့အရေး ကျနော်တို့ ဆွေးနွေးမဲ့အချိန်မှာပဲ ကုန်ဈေးနှုန်းက တက်သွားတာ ဖြစ်တယ်။ အဲ့တော့ ကုန်ဈေးနှုန်းက တက်သွားတဲ့အခါကျ ပြောရရင်တော့ ကျနော်တို့ ပါးစပ်ထဲမှာရှိတဲ့ နှုန်းထားတခုကို ထုတ်ဖော် ပြောကြားတာထက်စာရင် စစ်တမ်းတွေအရ ပြောရတာမျိုးက ပိုပြီးတော့မှ အဲ အချက်အလက် ရှိတာပေါ့နော်။ လက်ရှိ အခြေအနေအရတော့ အလုပ်သမား တဦးချင်းစီရဲ့ ပျမ်းမျှ လုပ်ခလစာက တရက်ကို ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ကြားအထိ ရမှသာလျှင် အဆင်ပြေတော့မဲ့ အလားအလာလို့ သုံးသပ်ရတော့မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ပြည်တွင်းမှာ အခြေခံစားသောက်ကုန်တွေ အဆမတန် မြင့်တက်နေတာကို လက်တွေ့ကျကျ ဖြေရှင်းပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တယောက်က စစ်အာဏာရှင် ပြည်သူ့လွှတ်တော်မှာ မေးခွန်းထုတ် တောင်းဆိုခဲ့ပါတယ်။
စစ်အာဏာရှင် အစိုးရကတော့ ပြည်တွင်းမှာ ကုန်ဈေးနှုန်းမြင့်တက်ဟာ ပြည်သူတွေကြောင့်လို့ အပြစ်ပြောဆိုထားပြီး လက်ရှိ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေကြောင့်လည်း ကုန်စည် စီးဆင်းမှုက နှောင့်နှေးနေရတယ်လို့ စစ်အာဏာရှင်သမ္မတက ပြောဆိုထားပါတယ်။
ဇွဲသစ်










