
ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်၊ အိမ်ကြီးလမ်းတိုထဲမှာ စက်တင်ဘာ ၁၉ ရက် ည ၁၂ နာရီလောက်က ခုတ်မောင်းလာတဲ့ ရထားကုန်တွဲနဲ့ ဆက်သွယ်ရေးကြိုးနဲ့ ချိတ်မိပြီး သွယ်တန်းထားတဲ့ တိုင်တချို့ ကျိုးသွားတယ်လို့ အဲဒီအနီးနားနေသူတွေဆီက သိရပါတယ်။
ကုန်ရထားမောင်းလာချိန်မှာ အိကျနေတဲ့ ဆက်သွယ်ရေးကြိုးကို ချိတ်မိခဲ့တာဖြစ်ပြီး သံလမ်းနားရှိ ရပ်ကွက်ထဲက ဆက်သွယ်ရေးတိုင်တွေ ကျိုးသွားတဲ့အတွက် အရေးပေါ် ရှင်းလင်းဖယ်ရှားခဲ့ရပါတယ်။
အဲဒီရထားသံလမ်းဘေးမှာ နေသူတယောက်က “ရထားက ချက်ချင်းရပ်မရတော့ ကြိုးငြိပါသွားပြီး တိုင်တွေကို ဆွဲချိုးလိုက်သလို ဖြစ်သွားတာ။ ရထားကလည်း အရှိန်သိပ်မပါလို့ တော်သေးတာ” လို့ ပြောပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် ဆက်သွယ်ရေးတိုင် ၄ တိုင်ကျိုးသွားပြီး သစ်ပင်တချို့လည်း လဲသွားတဲ့အတွက် အန္တရာယ်မဖြစ်အောင် သက်ဆိုင်ရာက ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။
ဆက်သွယ်ရေးတိုင်နဲ့ သစ်ပင်လဲကျတဲ့ဆီ စစ်အာဏာရှင်လက်အောက်ခံ နယ်မြေရဲစခန်းမှ စခန်းမှူး၊ နယ်မြေခံစစ်ကြောင်းမှူး၊ အုပ်ချုပ်ရေးပိုင်းကသူတွေနဲ့ လျှပ်စစ်ရုံးကသူတွေ ရောက်လာတယ်လို့ သွားရောက်ကြည့်ခဲ့တဲ့သူတွေက ပြောပါတယ်။
ဗိုလ်တထောင်ဘုရားအရှေ့ ကမ်းနားလမ်းကနေ ပုဇွန်တောင်ကိုသွားတဲ့ သံလမ်းတိုဖြတ်လမ်းမှာ ဆိပ်ကမ်းက ကုန်သေတ္တာသယ်တဲ့ရထားတွေ ရံဖန်ရံခါ ဖြတ်သန်းအသုံးပြုလေ့ရှိပါတယ်။











