
ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်အိမ်ကြီးလမ်းရှိ တိုက်ခန်းမြေညီထပ်တခုမှာ ဇူလိုင် ၂၃ ရက် ဒီနေ့မနက် ၇ နာရီကျော်က သံပန်းတံခါးမှာ လည်ပင်းညပ်ပြီး အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူဟာ တိုက်ခန်းအပေါ်ဆုံးထပ်မှာ နေထိုင်သူဖြစ်ပြီး သော့ကျန်ခဲ့လို့ သံပန်းတခါးပေါက်က ဝင်ရာကနေ လည်ပင်းညပ်သေဆုံးတာလို့ အိမ်ကြီးလမ်းမှာ နေသူတယောက်က ပြောပါတယ်။
"သေတဲ့သူက တိုက်အပေါ်ဆုံးထပ်မှာ နေတာ။ ညဘက် အပြင်သွားရင်း သော့ကျန်ခဲ့လို့ဖြစ်မယ်၊ သံဘာဂျာတံခါးက ဝင်ရင်းဖြစ်တာ။ တိုက်ခန်းက တခါးအပြင် သံဘာဂျာတံခါးပါ တပ်ထားတော့ အဲ့ကဝင်ရင်း လည်ပင်းညပ်ပြီး သေတာ။”
ဒီမနက် ၆ နာရီကျော်က အဆိုပါတိုက်ခန်းမှာ နေထိုင်သူတယောက်က မြေညီထပ်တံခါးဖွင့်ရာကနေ သေဆုံးနေသူကို တွေ့ရလို့ လမ်းမှာရှိ ရပ်မိရပ်ဖတွေက လူမှုကူညီရေးအသင်းကို ဖုန်းဆက်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ကိုပူတူးနှင့် ဘော်ဒါများအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ ဆောင်ပေးခဲ့ပြီး ပုဇွန်တောင်မြို့နယ်ရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးနေပါတယ်။











