
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ်ဝင်းထဲက အုတ်ရေလှောင်ကန်ထဲ ဆင်းပြီး အလုပ်လုပ်တဲ့ ပန်းရန်လုပ်သား ၅ ယောက် အသက်ရှူမွန်းကျပ်ပြီး သတိလစ်ခဲ့ရာမှာ ၄ ယောက် သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က မိတ္ထီလာပညာရေးဒီဂရီကောလိပ်ဝင်းအတွင်း တည်ဆောက်နေဆဲ အလျား ၁၈ ပေ၊ အနံ ၁၈ ပေ၊ အနက် ၆ ပေ ၆ လက်မရှိတဲ့ အုတ်ရေလှောင်ကန်ထဲမှာ အမိုးအတွက် ထောက်ထားတဲ့ ငြမ်းဒေါက်တိုင်တွေနဲ့ အထပ်သားပြားတွေကို ဖြုတ်ယူဖို့ ပန်းရန်လုပ်သား ဦးကျော်ဖြိုးအောင်က အရင်ဆုံး ဆင်းသွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို ဆင်းသွားချိန်မှာ ဦးကျော်ဖြိုးအောင် ဟာ အသက်ရှူမွန်းကျပ်ပြီး သတိလစ်သွားတာကြောင့် လုပ်ဖော်ကိုင်ဖက် ၄ ယောက်က ကူညီဖို့ အုတ်ကန်ထဲကို ထပ်ဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် အုတ်ကန်ထဲ ဆင်းသွားတဲ့ လုပ်သား ၅ ယောက်စလုံး အသက်ရှူမွန်းကျပ်ပြီး သတိလစ်နေကြတာကို အုတ်ကန်အဝမှာရှိနေတဲ့ ပန်းရန်လုပ်သား ကိုစိုးညွန့်က တွေ့ရှိခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
အကြောင်းကြားချက်အရ မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး အသက်ရှူမွန်းကျပ်နေတဲ့ လုပ်သား ၅ ယောက်ကို မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဆေးရုံကို ရောက်ရှိချိန်မှာတော့ လုပ်သား ၅ ယောက်အနက် ၁ ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ကျန်တဲ့ ၄ ယောက်က သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အောက်ဆီဂျင်ပြတ်ပြီး အသက်ရှူကျပ်လို့ သေဆုံးသွားတာပါ။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရှေးဦးပြုစုနည်းတွေနဲ့ ကူညီပေးပြီး ဆေးရုံပို့ခဲ့ပေမဲ့ ဆေးရုံရောက်ပြီးမှ သေဆုံးသွားကြတာပါ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ပန်းရန်လုပ်သား ၄ ယောက် သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိတ္ထီလာမြို့မရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနေပါတယ်။











