
နာမည်ကျော် ရေကျော်ပွဲဈေးကို သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ်အနေနဲ့ တပတ်ကြာ ကျင်းပမှာဖြစ်လို့ လမ်းခရီးနှောင့်နှေးမှာကို လမ်းသွားလမ်းလာတွေ စိုးရိမ်နေကြသလို ညှော်နံ့နဲ့ ဆူညံသံတွေကိုလည်း ဒေသခံတွေ စိတ်ပူနေကြပါတယ်။
တနှစ်တကြိမ် ကျင်းပလေ့ရှိတဲ့ ပုဇွန်တောင်မြို့နယ်ထဲက ရေကျော်ပွဲဈေးကို လာမဲ့ အောက်တိုဘာ ၂၁ ရက်ကစပြီး ၂၇ ရက်အထိ တပတ်ကြာ ကျင်းပမှာဖြစ်တဲ့အတွက် လမ်းခရီးနှောင့်နှေးမှာကို လမ်းသွားလမ်းလာတွေအနေနဲ့ စိတ်ပူနေကြပြီး ဆူညံသံနဲ့ ညှော်နံ့တွေကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
နှစ်စဉ်ကြုံနေရတဲ့ ညှော်နဲ့နဲ့ ဆူညံသံတွေအပြင် ပွဲတော်အကြောင်းပြပြီး ပေါ်တာဆွဲတဲ့ကိစ္စတွေ ဖြစ်လာမှာကိုလည်း ဒေသခံတွေကို စိတ်ပူနေကြတာပါ။
ပုဇွန်တောင်မြို့နယ် ဒေသခံတယောက်က “ထုံးစံအတိုင်း သူတို့က မိန်းလမ်းမကြီးကိုပိတ်ပြီး လုပ်တာဆိုတော့ သွားရေးလာရေး ဒီ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကတော့ ရှိတယ်။ ပြီးရင် အဲဒီညှော်နံ့တွေ ဆူညံသံတွေ အခက်အခဲတွေကတော့ ဒေသခံတယောက်အနေနဲ့တော့ ရှိတယ်။ နှစ်တိုင်းကြုံနေရတဲ့ အခက်အခဲလည်း ဖြစ်နေတော့ ဒါတော့ရှိပါတယ်။ စိုးရိမ်မှုတွေဆိုရင်တော့ လက်ရှိအခြေအနေက ပွဲဈေးဆိုတော့လည်း ခါးပိုက်နှိုက်တာတို့က အဲလိုမျိုး အသေးအဖွဲတွေတော့ ရှိရင်ရှိမှာပေါ့။ ဒါပေမဲ့ အဓိကကတော့ ပေါ်တာဆွဲတဲ့ ကိစ္စတွေကတော့ စိုးရိမ်မှုတွေတော့ ဖြစ်တာပေါ့၊ တကယ်လည်း ဖြစ်နေမှာပါ။ အဲဒါကြောင့်မို့လို့ စိုးရိမ်မှုကတော့ ပေါ်တာဆွဲတဲ့ ကိစ္စတွေရှိမယ်၊ ပြီးရင် ရန်ဖြစ်တဲ့ကိစ္စတွေ၊ လုယက်တာ အဲဒီလိုကိစ္စမျိုးတွေတော့ ရှိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် နှစ်ကြိမ်စလုံးမှာ ရေကျော်ပွဲဈေးပြုလုပ်ဖို့ ညွှန်ကြားခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ အတော်လေး စိတ်ရှုပ်ရတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။
ဒီနှစ်မှာတော့ သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ရေကျော်ပွဲဈေးကို တပတ်ကြာပြုလုပ်ဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ သဘောထားမှတ်ချက်တွေ တောင်းခံတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။
ပုဇွန်တောင်မြို့နယ်အနီး နေထိုင်သူတယောက်က “ရေကျော်ပွဲက ၂၁ ရက်နေ့ စမယ်လို့ ကြေညာထားတယ်။ အခု ဆိုင်ခန်းတွေတောင် ဆောက်နေကြပြီလေ။ ပွဲတော်စပြီဆိုရင်တော့ ရေကျော်လမ်းမကြီးနဲ့ အထက်ပုဇွန်တောင်လမ်းတလျှောက်လုံး လမ်းပိတ်တယ်။ ပြီးတော့ ပွဲဈေးတန်းရှိတဲ့ ရေကျော်စီးတီးမတ်ကနေ မောင်အေးကဖေးနဲ့ ဗိုလ်တထောင် အမှတ် ၃ ကျောင်းအထိပေါ့၊ လမ်းတွေပိတ်တာ တော်တော်ဆိုးတယ်။ ပွဲလုပ်တိုင်း ဘာသဘောထားမှ မတောင်းပါဘူး။ သူတို့ဘာသာ သူတို့ လုပ်ကြတာ။ မနှစ်ကတော့ နှစ်ကြိမ်တောင်လုပ်တာ” လို့ ပြောပါတယ်။
ဒီနှစ်မှာတော့ ပိုမိုစည်ကားအောင် ဇာတ်ပွဲတွေကိုပါ ထည့်သွင်းဖို့ စီစဉ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရေကျော်ဈေးပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲတွေကို ကိုဗစ်ကာလကတည်းက ရပ်နားထားခဲ့တာဖြစ်ပြီး ၂၀၂၄ နိုဝင်ဘာမှ ပြန်လည်ကျင်းပခွင့် ပေးခဲ့ရာမှာ လာရောက်လည်ပတ်သူ များပြားတဲ့ ပွဲတော်တွေထဲက တခုလည်း ဖြစ်ပါတယ်။
ဝေဝေ











