
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ခရီးသည်တင်ဘတ်စ်ကားနဲ့ တိုက်မိခဲ့တဲ့ ကုန်တင်ရထား မောင်းသူဟာ စိတ်ကြွမူးယစ်ဆေးဝါး သုံးထားတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး ပေါ့ပေါ့ဆဆ မောင်းနှင်မှုနဲ့ မေ ၁၇ ရက်မှာ တရားစွဲဆိုခံထားရတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ချာချင်းဆောင်ခရိုင်ကနေ ဘန်ကောက်မြို့တော်က ဘန်စူးမြို့နယ်ဆီသွားတဲ့ ကုန်တင်ရထားဟာ စနေနေ့ မွန်းလွဲပိုင်းမှာ ဘန်ကောက်မြို့လယ်က ရထားလမ်းဆုံမှာ ဘတ်စ်ကားနဲ့ တိုက်မိခဲ့ပြီး မီးလောင်ခဲ့လို့ လူ ၈ ယောက် သေဆုံး၊ ၃၃ ယောက် ဒဏ်ရာရခဲ့ကာ တခြားကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေပါ ထိခိုက်ခဲ့ပါတယ်။
သေဆုံးသူအားလုံးက ဘတ်စ်ကားပေါ်က ခရီးသည်တွေဖြစ်ပြီး မီးလောင်မှု အလွန်ပြင်းထန်လို့ သေဆုံးသူ ၈ ယောက်အနက် ၆ ယောက်ဟာ ဘယ်သူဘယ်ဝါဆိုတာ ချက်ချင်း မဖော်ထုတ်နိုင်သေးပါဘူး။ မိသားစုဝင်တွေက အထောက်အထားတွေကို အတည်ပြုနိုင်ဖို့ DNA နမူနာတွေ ပေးကြဖို့ တောင်းဆိုထားပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း ကတော့ ဆေးရုံမှာ ကုသမှုခံယူနေဆဲဖြစ်တဲ့ လူနာတွေကို မနေ့က သွားကြည့်ခဲ့ပါတယ်။
အဲဒီနောက် အာဏာပိုင်တွေက အသက်ရှင်ကျန်ရစ်သူတွေ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ပြန်ကောင်းလာဖို့သာမက စိတ်ဒဏ်ရာတွေကိုလည်း ကိုင်တွယ်ဖြေရှင်းရာမှာပါ ပံ့ပိုးပေးရမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ထိုင်းအစိုးရရဲ့ လက်ရှိဦးစားပေးကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့နဲ့ ခရီးသည်တွေအတွက် ဘေးကင်းရေး အစီအမံတွေကို အားကောင်းအောင် လုပ်ဖို့ပါလို့ ဝန်ကြီးချုပ် အနုထင်းက ပြောပါတယ်။
အစိုးရက အသက်ရှင်ကျန်ရစ်သူတွေနဲ့ ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ပေးဖို့ ကတိပြုထားပြီး လမ်းအန္တရာယ်ဘေးကင်းရေးကို တဖြည်းဖြည်း တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မယ်လို့ ကတိပြုထားပါတယ်။










