
နရက် ငရဲ
စစ်ထောင်ထဲမှ
ထွက်ဆဲအသက်
ငင်လျှက်လွတ်ရ
ဂမ္ဘီရမှာ
ရွှေဝါရောင်လွ
သံဃတော်လှန်ရေး
ရှေ့ပြေးခေါင်းဆောင်ဖြစ်ပါသည်။ ။
NARAKA: The U Gambira Story ခေါင်းစဉ်နဲ့ စာအုပ်အကြောင်းကို အခုပဲ သိလိုက်ရပါတယ်။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် အရှင် ဂမ္ဘီရ (ခ) ကိုညီညီလွင်ကို ကျနော် ဖုန်းဆက် စကားပြောခဲ့လို့ အခုလို သိရတာပါ။ သူဟာ ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့နဲ့ ၂ နာရီခွဲကြာ ကားမောင်းသွားလို့ရတဲ့ နေရာမှာ နေပါတယ်။ ကျနော်က မဲလ်ဘုန်းမှာ နေတာပါ။ သူနဲ့ ကျနော်က ၃ နာရီလောက် ကားမောင်းရတဲ့ အကွာအဝေးပေါ့။ သူ့ကို ကျနော်က ဖုန်းဆက်ရတဲ့ အကြောင်းက လာမဲ့ စက်တင်ဘာ ၂၆ မှာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် ဖြစ်တာမို့ မဲလ်ဘုန်းကို လာဖို့ ခေါ်တာပါ။ သူကလည်း နေ့လယ်ကတင် မဲလ်ဘုန်းကို ကားမောင်းပြီး ရောက်လာသေးကြောင်း ပြောပါတယ်။ စက်တင်ဘာ ၂၆ မှာ မဲလ်ဘုန်းကို လာမယ်လို့ သူက ကတိပေးပါတယ်။ ဒါပေမဲ့ အခြေအနေအရပေါ့။
စကားပြောကြရင်းက သူ့(အရှင်ဂမ္ဘီရ) အကြောင်း ရေးထားတဲ့ “ရွှေဝါရောင်တော်လှန်ရေး သမိုင်းနောက်ခံ စာအုပ်” NARAKA: The U Gambira Story ကို ပြင်သစ်နိုင်ငံကနေ ထုတ်ဝေဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။ ပြင်သစ်ဘာသာ အပါအဝင် ဘာသာ ၆ ဘာသာနဲ့ ထုတ်မယ်။ လာမဲ့ ဇန်နဝါရီမှာ ထုတ်မယ်တဲ့ဗျာ။ ဆက်ပြီး အင်္ဂလိပ်ဘာသာနဲ့က ထုတ်ထားတာ ကြာပြီလို့ သူက ပြောတယ်။ NARAKA: The U Gambira Story ခေါင်းစဉ်နဲ့ စာအုပ်ပေါ့။ ဒီစာအုပ်ကိုတော့ သူ့ဇနီး အော်စီ စာရေးဆရာမ Marie Siochana က ရေးတာပါ။ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၂ ရက်က ထုတ်ဝေခဲ့တဲ့ ဒီစာအုပ်မှာ စာမျက်နှာ ၃၃၉ မျက်နှာ ပါရှိတယ်။
ကိုညီညီလွင် (ဦးဂမ္ဘီရ) ဖုန်းချသွားပြီးနောက် သူ့အကြောင်းကို ပြန်စဉ်းစားနေမိတယ်။ သူဟာ ရွှေဝါရောင်တော်လှန်ရေးအပြီး ထောင် နှစ် ၆၀ ကျော် ကျသွားတယ်။ အင်းစိန်ထောင်၊ ကလေးထောင်တွေမှာ ဆိုးဆိုးဝါးဝါး အနှိပ်စက်ခံဘဝနဲ့ နေထိုင်ခဲ့ရတယ်။ အင်းစိန်ထောင်မှာ အာရုံကြောချွတ်ယွင်းရောဂါဖြစ်တယ်။ ကလေးထောင် ပြောင်းပြီးနောက် လက်နောက်ပြန် လက်ထိတ်ခတ် နှိပ်စက်တာကို အချိန်အကြာကြီး ခံခဲ့ရတယ်။ လက်ထိတ်ချွတ်ပေးလိုက်ချိန်မှာ သူ့လက်တွေ ပူးကပ်နေပြီး ခွာမရ အရှေ့ပြန်ရွှေ့လို့ မရတော့တဲ့အထိ ဖြစ်သွားခဲ့တယ်။ ကလေးထောင်မှာပဲ အမျိုးအမည်မသိ ဆေး ၂ လုံး သူ့ကို ဝိုင်းချုပ် အထိုးခံရပြီးတဲ့နောက် သူ့ကိုယ်သူ မမှတ်မိတော့ဘူး။ ခေါင်းအမြဲကိုက်နေပြီး အာရုံတွေ စုစည်းမရတော့ဘူး။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့၊ စစ်တပ် သမ္မတ သိန်းစိန်ရဲ့ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦး လွှတ်ရာမှာ သူ လွတ်မြောက်ခဲ့တယ်။ စိတ်မတည်တော့တာကြောင့် လူထွက်ခဲ့ရတယ်။ ကိုညီညီလွင် ဖြစ်လာတယ်။ မိသားစုကလည်း ကုသမပေးနိုင်တော့ဘူး။ နောက်တော့ ဩစတြေးလျသူ စာရေးဆရာမ Marie Siochana နဲ့ လက်ထပ်ခဲ့တယ်။ နောက်ပိုင်း ထိုင်းနိုင်ငံကတဆင့် ဩစတြေးလျမှာ လာနေတယ်။ အခုတော့ ကျန်းမာရေးကောင်းနေပြီ။ သူ့ဇနီးက သူ့အတွက် ရွှေဝါရောင် တော်လှန်ရေးနောက်ခံ NARAKA: The U Gambira Story ခေါင်းစဉ်နဲ့ စာအုပ်ရေးပြီး ၂၀၂၀ ပြည့်နှစ်က အင်္ဂလိပ်လို ထုတ်ခဲ့တယ်။ အခုလာမဲ့ ၂၀၂၇ ဇန်နဝါရီမှာ ဒီစာအုပ်ကို ပြင်သစ် အပါအဝင် ဘာသာ ၆ မျိုးနဲ့ ထုတ်ဦးမယ်။ ဒီလို စာအုပ် ထုတ်ဝေမဲ့အချိန်ဟာ သံဃာ့တော်လှန်ရေး အနှစ် ၂၀ မြောက် နှစ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါပေမဲ့ အခုလာမဲ့ စက်တင်ဘာလ ၂၆ ကတော့ ရွှေဝါရောင်သံဃာ့တော်လှန်ရေး ၁၉ နှစ်မြောက်ပါ။
ငါးရောင်ခြယ်
ပြည့်ဝမ်းမီးတောက်
သံဃာလျှောက်သည်
အံ့လောက်ပါသော တို့တိုင်းပြည်။ ။
(မောင်လွမ်းဏီ)
ရွှေဝါရောင် သံဃာ့တော်လှန်ရေးဟာ စက်တင်ဘာလဆန်းစ စတင်တယ်။ အခု ၂၀၂၆ ခုနှစ် စက်တင်ဘာမှာ ၁၉ နှစ် နှစ်ပတ်လည် ရောက်ပြီ။ ရွှေဝါရောင် တော်လှန်ရေးမှာ ကုန်ဈေးနှုန်းကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး စတာတွေကို တောင်းဆိုတော်မူခဲ့ကြပါတယ်။ အခု လုပ်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး FREE HER ကမ်ပိန်းလိုပါပဲ။ သံဃာတော်တွေက လမ်းလျှောက် မေတ္တာပို့ခဲ့ရုံပါ။ အဲဒါကို စစ်အစိုးရက ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးရိုက်နှက် နှိပ်စက် သတ်ဖြတ်ခဲ့ကြတာပါ။ မှတ်မိပါသေးတယ်။ ၂၀၀၇ ခုနှစ် ဩဂုတ်လမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ စတဲ့ လောင်စာဆီ ဈေးနှုန်းတွေ တက်လို့ နောက်ဆက်တွဲ ကုန်စျေးနှုန်းတွေ အဆမတန် ထပ်တက်လာပြီး ပြည်သူလူထုအပေါင်း အထွေထွေအကျပ်အတည်းဆိုက်ခဲ့လို့ ဒါယကာ ဒါယိကာမတွေအတွက် မြန်မာ သံဃာထုက ဦးဆောင်ပြီး စစ်အာဏာရှင် အစိုးရကို ဆန္ဒပြတော်မူခဲ့ကြတာပါ။ ဒီကနေ ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာ စစ်တပ်က သံဃာသတ်ခဲ့တဲ့အထိ ကျော်မကောင်း ကြားမကောင်းတဲ့ ကမ္ဘာကျော် အရေးအခင်းတခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ သံဃာထုရဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးပါပဲ။ အခု ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ ရွှေဝါရောင် တော်လှန်ရေးကြီး ၁၉ နှစ် တင်းတင်း ပြည့်ပြီ။
၂၀၀၇ မှာ
စက်တင်ဘာ၌၊ သံဃာထုများ
လှမ်းလျှောက်သွားချိန်၊ သူရိန်နေမင်း
ပူရှိန်ပြင်းလည်း၊ ခြေနင်းမဲ့စွာ
ထီးဗလာနှင့် မေတ္တာသုတ်ရွတ်
ဆင်းရဲကျွတ်စေ၊ အမျှဝေသံ
ပြည်လုံးညံ့ခဲ့၊ ပစ်သတ်ခဲ့ကြ
တဆယ့် ကိုးနှစ် ကြာပါပြီဘုရား ။ ။
၂၀၀၇ စက်တင်ဘာ ၅ ရက်က ပခုက္ကူမှာ လမ်းလျှောက် မေတ္တာပို့တော်မူကြတဲ့ သံဃာတွေကို ဖြိုခွင်းပြီး သံဃာတွေကို ဓာတ်တိုင်မှာကြိုးချီပြီး ရိုက်ခဲ့ပါတယ်။ ဒါကို စစ်အစိုးရက တောင်းပန်ပေးဖို့ တောင်းဆိုတာကို မလိုက်လျောခဲ့လို့ သံဃာတွေက “ပတ္တနိက္ကုဇန” သပိတ်ကံဆောင်ပွဲ စက်တင်ဘာ ၁၈ ရက်မှာ စတင်ပါတယ်။ ဒီနေ့အထိ မတောင်းပန်သေးလို့ သပိတ်ကံကလည်း ဆက်ရှိနေဆဲပါ။ နောက်ပိုင်းမှာ လမ်းလျှောက် မေတ္တာပို့တော်မူနေကြတဲ့ သံဃာတွေကိုရော ကျောင်းတိုက်တွေထဲမှာ သီတင်းသုံးတော်မူနေကြတဲ့ သံဃာတော်တွေကိုပါ စစ်တပ်က ရိုက်နှက် အကြမ်းဖက် ပစ်ခတ် ဖမ်းဆီးကြပါတော့တယ်။ အဲ့သည်တုန်းက သံဃာအလောင်းတွေ ရေမှာ မြောနေခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရွှေဝါရောင်တော်လှန်ရေး တခုလုံးမှာ ပစ်ခတ် ရိုက်နှက် ဖမ်းဆီးခဲ့ကြလို့ ရဟန်း၊ သာမဏေ၊ သီလရှင်နဲ့ လူပုဂ္ဂိုလ်တွေ စုစုပေါင်း ၇၀၀၀ ကျော် အဖမ်းခံခဲ့ရပြီး ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သေသူတွေထဲမှာ ဂျပန် အမျိုးသားသတင်းထောက် နာဂအိစံလည်း ပါဝင်ခဲ့ပါတယ်။ တပ်တွင်း သတင်းတွေအရ အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ နိုင်ငံခြား သတင်းထောက်တွေကို အကုန်ရှင်းခိုင်းခဲ့ပေမဲ့ "တယောက်သတ် တယောက်ပေါ်" "တခါခိုး တခါမိ" ဆိုသလိုပဲ နာဂအိစံ ကို ပစ်ခတ်နေတဲ့ ခြေညှပ်ဖိနပ်စီး စစ်သားတဦးရဲ့ ဓာတ်ပုံဟာ နာရီပိုင်းအတွင်းမှာ ကမ္ဘာကျော်သွားခဲ့တာမို့ သန်းရွှေရဲ့ သတင်းသမားတွေ သတ်မဲ့ အစီအစဉ်ကို လက်လျှော့လိုက်ပုံရပါတယ်။ ၂၀၀၇ စက်တင်ဘာ တော်လှန်ရေးဟာ သတင်းသမားတွေနဲ့ စစ်အာဏာရှင်တွေ၊ သတင်းပိတ်သူနဲ့ သတင်းလိုက်သူ ပြိုင်ပွဲလို့ ဆိုနိုင်ပါတယ်။
သတင်းသမား ပြည်၏ နား၊ မျက်စိ ဖြစ်တယ် ဆိုသလိုပါပဲ။ ရွှေဝါရောင်တော်လှန်ရေးအတွင်း သေဆုံး ပျံလွန်တော်မူ စာရင်းကို အခုလို တွေ့နိုင်ပါတယ်။ ဂျပန်သတင်းသမား နာဂအိစံကို ရွှေဝါရောင် ဆန္ဒပြပွဲ မှတ်တမ်းယူနေတုန်း ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်က ရန်ကုန်မှာ စစ်တပ်က ပစ်သတ်တယ်။ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ စတဲ့ မြို့တွေမှာ ရဟန်း၊ သာမဏေ သီလရင်တွေကို ရိုက်တယ် ဖမ်းတယ်၊ ပစ်သတ်တယ်။ ပျံတော်မူခဲ့ကြတာပေါ့။ နာဂအိစံ အပါအဝင် သတင်းသမားတွေ ပြည်သူလူထုတွေလည်း သေဆုံးခဲ့တယ်။ နအဖ စစ်အစိုးရက ၁၃ ဦး သေတယ်ဆိုလား ကြေညာတယ်။ ထုံးစံအတိုင်း ဒါက လိမ်တာပါ။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ပီညဲရိုးကတော့ အနည်းဆုံး သံဃာ အပါး ၄၀ ပျံလွန်တော်မူကြောင်း ကြေညာခဲ့တယ်။ ကျနော်တို့ DVB ကတော့ သံဃာတော်တွေ အပါအဝင် အားလုံး ၁၃၈ ဦး ရွှေဝါရောင်အရေး တော်ပုံကြီးအတွင်း စစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အနန္တ စကြဝဠာ၊
အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
အနန္တ စကြဝဠာ၊
အနန္တသတ္တဝါတို့
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ။
သံဃာထုအပေါင်း ၂၀၀၇ စက်တင်ဘာက လမ်းတွေပေါ်မှာ လမ်းလျှောက် မေတ္တာပို့ခဲ့ကြတဲ့ ပုံရိပ်တွေကို ပြန်မြင်နေမိပါတယ်။ သတင်းဌာနတွေကို လျှော့တွက်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေဟာ သူတို့ သမိုင်းဆိုးကို သူတို့ ရေးထိုးသွားခဲ့တယ်။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ မေတ္တာပို့ သံတွေကြား တုတ်နဲ့ ရိုက်လို့ ခေါင်းကွဲသွားတဲ့သံဃာတွေ၊ ကြေးသွန်းဘုရားကြီးရှေ့မှာ လုံထိန်းတွေက ဝိုင်းဆွဲလို့ ကိုယ်ပေါ်က အပေါ်ရုံရော အောက်ဝတ်ပါ ကျွတ်ပါသွားပြီး ကိုယ်လုံးတီးနဲ့ ပြေးသွားတဲ့ ရဟန်းတော်တပါး၊ ရေမြောင်းစပ်မှာ မြောလာတဲ့ သံဃာတော်တွေရဲ့ အလောင်းတွေဟာ မြင်ကွင်းထဲမှာ ဖျောက်မရတော့ပါ။
အရိုးတွေ တောင်လိုပုံနေမှ
မြန်မာပြည်
အာဏာရှင်လက်အောက်က လွတ်မယ်ဆိုရင်
ဦးဇင်းတို့ သံဃာတွေရဲ့ အရိုးတွေဟာ
အောက်ဆုံးကရှိနေမယ်။
ပြည်သူများ၏ သံဃာတော်များ
ရွှေဝါရောင် တော်လှန်ရေးမှာ သတင်းသမားတွေ ဘလော်ဂါသမားတွေရဲ့ ကဏ္ဍဟာ ပွင့်လင်းလာပါတယ်။ အထူးသဖြင့် ပြည့်ပဘလော့ဂ်တွေဟာ ရွှေဝါရောင်တော်လှန်ရေးကို နေ့စဉ် မှတ်တမ်းတင်ပေးခဲ့ကြတယ်။ DVB သတင်းဌာန ကိုယ်တိုင်လည်း ရွှေဝါရောင်တော်လှန်ရေးမှာ ပြည်သူ့အတွက် သတင်းတွေ ပိုမိုတင်ဆက်နိုင်ခဲ့တယ်။ ပိုပြီး ပေါ်ပြူလာ ဖြစ်လာတော့တယ်။ ဒီအတွက် သတင်းသမား ဖမ်းဆီးခံခဲ့ရတာလည်း အများအပြားပါပဲ။ အနည်းဆုံး ပြည်သူ ၁,၀၀၀ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ၂၀၀၇ အောက်တိုဘာ ၇ ရက် Al Jazeera သတင်းက ကြေညာတယ်။ အယ်ဂျာဇီးယားကနေ ရဲချုပ်ခင်ရီကိုယ်တိုင် သံဃာတွေကို ရိုက်နှက်နေတဲ့ ရုပ်သံကို အဲဒီနေ့ကပဲ ထုတ်လွှင့်ခဲ့တယ်။ ကမ္ဘာကျော်သွားတယ်။ ၂၀၀၇ အောက်တိုဘာလ ၁၁ ရက်နေ့ စစ်အစိုးရ သတင်းထုတ်ပြန်ချက်မှာ ပြည်သူ ၂,၁၀၀ ဦး အဖမ်းခံခဲ့ရပြီး အယောက် ၇၀၀ ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုတယ်။ DVB ကတော့ လူ ၆,၀၀၀ ကျော် အဖမ်းခံခဲ့ရတယ်လို့ ကြေညာတယ်။ ရိုက်တာ သတင်းက သံဃာအပါး ၈၀ သီလရင် ၁၀၀ ကျော်ကို ၂၀၀၇ အောက်တိုဘာလ ၃ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ကြေညာတယ်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ အင်းစိန်အကျဉ်းထောင် စစ်ခုံရုံးကနေ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ထောင် ၆၅ နှစ်စီ ချတယ်။ ရန်ကုန်ငွေကြာယံကျောင်း သံဃာတော် ၅ ပါးအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ ၂၆ ဦးတို့ကိုလည်း ၆ နှစ်က ၂၄ နှစ်အထိ ထောင်ချခဲ့တယ်။ ရွှေဝါရောင် ခေါင်းဆောင် အရှင် ဂမ္ဘီရလည်း အလုပ်ကြမ်းနဲ့ ထောင် ၆၈ နှစ် ချတာ ခံလိုက်တယ်။ အင်းစိန်ထောင် ကလေးထောင်တို့မှာ နှိပ်စက် ဆေးထိုးခံခဲ့ရပြီး ပုံမှန်မဟုတ်တော့ဘဲ ကိုညီညီလွင်ဘဝ ရောက်ရတယ်။ နိုင်ငံရပ်ခြား ရောက်သွားရတယ်။
ရွှေဝါရောင် တော်လှန်ရေး ၁၉ နှစ်မြောက်
ကိုညီညီလွင် ဘဝ ရောက်နေပြီဖြစ်တဲ့ ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရကို ဩစတြေးလျမှာ တွေ့လိုက်ရတော့ ရင်ထဲ သိမ့်အောင် ခံစားရတယ်။ သာသနာပြု ရဟန်းတော်တွေဟာ စစ်တပ် ပယောဂကြောင့် သာသနာမပြုနိုင်တဲ့ဘဝတွေ ဖြစ်ကြရတာ များလှပြီလို့ တွေးမိတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ ပျံတော်မူခဲ့ရတဲ့ ရာချီတဲ့ သံဃာ သာမဏေ သီလရှင်တွေ၊ လူထွက်သွားရတဲ့ သံဃာတွေဟာ မနည်းမနောပါ။ ပိုဆိုးတာ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ သံဃာထုကို သင်းခွဲဖို့ မဘသ အဖွဲ့ကို ဖွဲ့လိုက်တာပါ။ အခုဆို မြန်မာပြည်မှာ သံဃာနဲ့ မတူ တမူထူးတဲ့ သင်္ကန်းဝတ်တွေ များ များလာနေပြီ။ စစ်တပ်ထောင်ထားတဲ့ ရဟန်းတွေတောင် ရှိနေပြီ။ စစ်တပ်လော်ဘီ ရဟန်းတွေ ရှိနေပြီ။ နွေဦးတော်လှန်ရေးမှာလည်း စစ်တပ်ဟာ သံဃာတော်တွေကို ထပ်သတ်နေပါပြီ။ ထပ်ဖမ်းနေပြန်ပြီ။ ဘုန်းကြီးကျောင်းတွေ ဘုရားစေတီတွေ ဗုံးကြဲ မီးရှို့ ဖျက်ဆီးနေပြန်ပါပြီ။ ဒါပေမဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဗကသ များအဖွဲ့ချုပ် ပြန်ပေါ်လာခဲ့တယ်။ ဒါ့အပြင် စစ်တပ်ဟာ သူ့အာဏာအတွက်ဆိုရင် သူ ကိုးကွယ်တဲ့ ရဟန်းသံဃာတွေကိုပါ သတ်တဲ့ ဘာသာမဲ့ သာသနာဖျက်တွေ ဆိုတဲ့ သမိုင်းကို ရေးထိုးပေးခဲ့ပါတယ်။ ဒီနေ့မှာ ရွှေဝါရောင် သံဃာတွေဟာလည်း နွေဦးတော်လှန်ရေးကြီးမှာ ကျရာနေရာက ပါဝင်နေကြပါပြီ။ အဆုံးသတ်အနေနဲ့ အာဏာအတွက် သံဃာတော်တွေကိုတောင် သတ်ရဲတဲ့ စစ်အာဏာရှင်ကို စေ့စပ်ညှိနှိုင်း ဆွေးနွေးလို့ မရဘူးလို့ ပြောလိုပါတယ်။ သံဃာသတ်တဲ့ စစ်အာဏာရှင်တွေရဲ့ စစ်တပ်ကို အမြစ်ပြတ်အောင် တိုက်မှသာ သာသနာ၊ ဘာသာနဲ့ နိုင်ငံနေပြည်သူတွေ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြမှာပါ။ ။
မောင်တူး











