DVB Logo
Home
ဆောင်းပါး
မင်းသုဝဏ် နဲ့ သခင်သန်းထွန်း 
မောင်တူး
·
August 24, 2026
မင်းသုဝဏ် နဲ့ သခင်သန်းထွန်း 
Donate to DVB

စာပေတံခွန်၊ "မင်းသုဝဏ်" နှင့်

ကွန်မြူနစ်ခေါင်၊ ပြည့်ခေါင်းဆောင်ဝင်

"သခင်သန်းထွန်း" ၊ တော်ဝင်လွန်းသား

လူကောင်းများတို့၊ တမ်းတလို့ပေ

လွမ်းစာစီနေရပါကြောင်း။ ။

သခင်သန်းထွန်းကို ၁၉၁၁ ဩဂုတ် ၁၅ ရက် မွေးတယ်။ ကဗျာဆရာကြီး မင်းသုဝဏ်က ၂၀၀၄ ခုနှစ် ဩဂုတ် ၁၅ ရက် ကွယ်လွန်တယ်။ သူတို့ ၂ ဦး တူညီနေတာက ဩဂုတ် ၁၅ ဟာ သူတို့ရဲ့ အမှတ်တရနေ့။ ဒါပေမဲ့ မွေးနေ့နဲ့ ကွယ်လွန်နေ့တွေဖြစ်တယ်။ သို့သော် တိုက်ဆိုင်နေတာကတော့ ဩဂုတ် ၁၅ ရက်ပါပဲ။ ဩဂုတ် ၁၅ ရက်ဟာ မြန်မာ့သမိုင်းမှာ လွတ်လပ်ရေးတိုက်ပွဲအတွင်း ဦးဆောင်အဖွဲ့ကြီးဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်တည်ထောင်ခဲ့တဲ့နေ့လည်း ဖြစ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ၁၉၃၉ ခုနှစ် ဩဂုတ် ၁၅ က စတင်ဖွဲ့စည်းခဲ့တာပါ။ အခု ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ဟာ ဗမာပြည် ကွန်မြူနစ်ပါတီ သက်တမ်း ၈၇ နှစ်ပြည့်ပါ။ သခင်သန်းထွန်းရဲ့ ၁၁၅ နှစ်မြောက် မွေးနေ့လည်းဖြစ်သလို စာဆိုကြီး မင်းသုဝဏ်ရဲ့ ကွယ်လွန်ခြင်း ၂၂ နှစ်မြောက်ပါ။

 

လွမ်းစရာ့ချောင်၊

မြူခြေဆိုင်းလို့၊ ထောင့်တိုင်းငဲ့မှောင်။

မောင်မောင်မြင်လှဲ့၊ ရွှေအားတော်နွဲ့လှပေါ့၊

သဲ့သဲ့ကလေး၊ ယဲ့ယဲ့သာဆွေးရ၊

မအေးလိုက်တာ၊ ဖေဖေမောင်လှ

ရွှေယောင်ပွကို၊ ဆွေနှမ ရှာခဲ့တယ်။

မဟာဒုကုလ၊ ပါရိကတို့

တာပသလှုံ၊ တပင်ဆန်းတဲ့

သင်္ခမ်းဘုံနှင့်၊ ယမုံသောင်စပ် -                                                                                

ရွှေသမင် - ရေတင်ခပ်                                                                     

လောင်းမြတ်ဆုမွန်                                                                      

အို ရွှေလိုဝင်းပါတဲ့ "မင်းသုဝဏ်"

ဦးကြော့ရဲ့ စုံနံ့သာမြိုင် မှ . . .

 

ဒီလို ကလောင်အမည်ကို စုံနံ့သာမြိုင်ထဲကနေ ယူခဲ့သူ မင်းသုဝဏ် ခေါ် ဆရာကြီး ဦးဝန်ဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျောင်းသားဘဝကတည်းက ကိုနု၊ ကိုအောင်ဆန်း၊ မအုန်း၊ မအမာ (လူထုဒေါ်အမာ) တို့ သပိတ်မှောက်ကြတာနဲ့ ကြုံပါတယ်။ ကျောင်းသားသပိတ်စခန်းက ရွှေတိဂုံဘုရားမှာ ဖြစ်ပါတယ်။ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်၊ ခေတ်စမ်းကဗျာဆရာ ခေါင်းဆောင်နှစ်ဦးက ကျောင်းသားတွေ သပိတ်မှောက်တဲ့နေရာကို သွားပြီး အားပေးစကား ပြောကြားကြပါတယ်။ သပိတ်မှောက်ကျောင်းသူ မအမာက သူ့ရဲ့ အမှတ်တရစာအုပ်ကလေးထဲမှာ အမှတ်တရ ရေးပေးခဲ့ပါ ဆိုလို့ ဆရာတို့က စာတိုစာစလေးတွေ ရေးပေးခဲ့ရတယ်ဆိုပြီး ဆရာမောင်စွမ်းရည်က ရေးသားခဲ့တာပါ။

 

အမာသည် အပျော့မဟုတ်

အဖြူသည် အမည်းမဟုတ်

အဖြောင့်သည် အကောက်မဟုတ်

အမာကို မပျော့စေနှင့်

အဖြူကို မမည်းစေနှင့်

အဖြောင့်ကို မကောက်စေနှင့်

မောင်ဝန်

၉.၃.၁၉၃၆

 

၁၉၃၆ ခုနှစ် ပထမ ကျောင်းသားသပိတ်မှာ နယ်ချဲ့ကို ဆန့်ကျင်ပြီး ပြည်သူ ကျောင်းသားဘက်လိုက်ပြီး ကဗျာရေးခဲ့သူ ဆရာကြီးဟာ ၁၉၈၈ အရေးတော်ပုံမှာလည်း အစာငတ်ခံ ဆန္ဒပြနေကြတဲ့ ၈၈၈၈ ကျောင်သားတွေအတွက် မျက်ရည်တွေနဲ့ ကဗျာရေးခဲ့ပြန်ပါတယ်။

မင်းသုဝဏ်၏ ၈၈၈၈ ကဗျာ

ပြည်သူ့ စာဆိုတော်ကြီး မင်းသုဝဏ်ကို ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့မှာ ကုန်သည် ဦးလွမ်းပင်နဲ့ ဒေါမိတို့က မွေးဖွားခဲ့တယ်။ မွေးချင်း ၇ ယောက်မှာ ဒုတိယမြောက်ဖြစ်ပြီး မွန်-မြန်မာမျိုးရိုးဖြစ်တယ်။ အငယ်ဆုံးညီမဟာ ကဗျာဆရာမ နုယဉ် ဖြစ်တယ်။ နာမည်ရင်းက ဦးဝန်ဖြစ်ပါတယ်။ ထူးချွန်ထက်မြက် ပြည်သူလူထုအတွက် အသိအမြင် ပညာ ဗဟုသုတ  အကျိုးရှိတဲ့ စာပေတွေ ရေးသားသူတို့ကို အမျိုးသားစာဆိုတော်ကြီးတွေလို့ ခေါ်ကြတာပါ။ အမျိုးသားစာဆိုတော်ကြီး မင်းသုဝဏ်ဟာ ဒီမိုကရေစီတိုက်ပွဲဝင် တော်လှန်ကဗျာဆရာကြီး၊ တော်လှန် စာဆိုတော်ကြီးလို့လည်း ခေါ်ဆိုထိုက်သူပါ။

ကမာရွတ် ပြည်လမ်းဆုံ အစာငတ်ခံ ဆန္ဒပြသူများသို့

ဇာနည်နွယ်ဖွား၊ သမီး သားတို့

အမိုးမရှိ၊ လွင်တိတိတွင်

အမိမနီး၊ ဖမနီးနှင့်

ရေစီးထဲမှာ ထိုင်နေပါသည်။

ဇာနည်နွယ်ဖွား၊ သမီး သားတို့

အစာမစား၊ လွန်စွန့်စားကြ။

အစာမစား၊ လွန်စွန့်စားသည်

ဇာနည်နွယ်ဖွား၊ သမီး သားတို့

စိတ်အားကိုမွေး၊ မိုးအေးအေး၌

မငေးမငိုက်၊ မေးခိုက်တုန်လျက်

ပြုံးလိုက်ကြည်ရွှင်၊ နေသည်မြင်သော်

ငါ့ရင်ကွဲမျှ၊ ခံစားရလည်း

မြန်မာ့သတ္တိ၊ တန်ခိုးရှိဟု

သိရသောအခါ၊ ငါ ဝမ်းသာသည်

ဇာနည်နွယ်ဖွား၊ သမီး သားတို့

ကိုယ်စိတ်နှစ်ပါး၊ အေးစေသားဟု

တောင်းဆုခြွေလိုက်ရပါ၏ဗျား။ ။

မင်းသုဝဏ် - ၁၆-၉-၈၈ မနက် ၆ နာရီ၊ ထွန်းလင်းရိပ်သာ

ဒီကဗျာဟာ ၈၈၈၈ အရေးတော်ပုံကြီးမှာ အစာငတ်ခံ ကျောင်းသားတွေဆီ ဆရာကြီးက သွားရောက်အားပေးခဲ့အပြီး ရေးခဲ့တာပါ။ သူ့အသက် ၈၀ ကျော်မှာ ရေးတဲ့ကဗျာပေါ့။ ၈၈၈၈ အရေးတော်ပုံကြီးအတွင်းက သူ့ကဗျာတပုဒ်ပါ။ ဒီကဗျာ ရေးဖွဲ့မှုအတွက်ရော နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဂုဏ်ပြုကဗျာ ရေးသားတာရော NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဂုဏ်ပြုကဗျာတွေ ရေးသားပေးတာကြောင့်ပါ စစ်အာဏာရှင်ရဲ့ ကလောင်ပိတ် အပြစ်ပေးဒဏ် ခံခဲ့ရပါတော့တယ်။ ဒါပေမဲ့ ဆရာတင်မိုးလို NLD ကဗျာရေးမှု၊ ဒေါ်စုကဗျာရေးမှုတွေနဲ့ ထောင်ဒဏ်တော့ မကျခဲ့ပါဘူး။ မင်းသုဝဏ်ရဲ့ စာတွေကိုတော့ အပိတ်ခံခဲ့ရပါတယ်။ ဆရာကြီးဟာ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကဗျာ၊ NLD ပါတီ ဂုဏ်ပြုကဗျာတွေကိုလည်း ရေးသားခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာလည်း ကမာရွတ် NLD အမတ်ဖြစ်လာခဲ့ပါတယ်။ စစ်တပ်ရဲ့ နည်းမျိုးစုံ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံပြီး ၂၀၀၄ ခုနှစ် ဩဂုတ် ၁၅ ကွယ်လွန်တဲ့အထိ စစ်အာဏာရှင်ကို အာခံဆန့်ကျင် တိုက်ပွဲဝင်သွားခဲ့တဲ့ တော်လှန်ကဗျာဆရာကြီး ဖြစ်ပါတယ်။ ကွယ်လွန်ခြင်း ၂၂ နှစ်မြောက်မှာ သူ့ကို ဂုဏ်ပြု ဦးညွတ်လိုက်ရပါတယ်။

မင်းသုဝဏ် ခေါ်၊ စာဆိုကျော်သည်

မြန်ပြည်ကောင်းကျိုး၊ ကဗျာမိုးရွာ

တော်လှန်ရာလည်း၊ ပါဝင်မြဲဖြင့်

တိုက်ပွဲဆင့်ဆင့်၊ ကလောင်ဝင့်ခဲ့

ကွယ်လွန်ခဲ့နှစ်၊ နှစ်ဆယ့်နှစ်တိုင်ရှိပါပြီ။ ။ 

(မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကောင်း သခင်သန်းထွန်း)

စစ်တပ်ဝါဒဖြန့်ချက်တွေမှာ သခင်သန်းထွန်းဟာ မကောင်းသူတဦးလို့ ဆိုနေပေမဲ့ တကယ်တော့ သူဟာ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲရဲ့ ခေါင်းဆောင်ကြီး တဦးပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မယားညီအစ်ကို တော်စပ်ပြီး နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။ သခင်သန်းထွန်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ကမ္ဘာ့ ကွန်မြူနစ်သမိုင်းရဲ့ ခေါင်းဆောင်စာရင်းဝင် ဖြစ်ပါတယ်။ ဂျပန်တော်လှန်ရေးမှာလည်း သခင်သန်းထွန်း ခေါင်းဆောင်တဲ့ "ရဲခေါင်ပြောက်ကျား" တပ်တွေက  ဖက်ဆစ်ဂျပန်တွေကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ကြပါတယ်။

၁၁၅ နှစ်ပြည့် သခင်သန်းထွန်းမွေးနေ့

သခင်သန်းထွန်းကို ခရစ်နှစ် ၁၉၁၁ ခု၊ ဩဂုတ်လ ၁၅ ရက်၊ ကြာသပတေးနေ့မှာ ပဲခူးတိုင်း၊ တောင်ငူခရိုင် ကညွတ်ကွင်းမြို့မှာ မွေးဖွားခဲ့တယ်။ အဖ သစ်ကုန်သည် ဦးဘိုးမောင်၊ အမိဒေါ်အေးဖြူတို့ ဖြစ်တယ်။ ငယ်စဉ်က မိခင်ကွယ်လွန်သွားခဲ့ပြီး ဘကြီးအရင်းဖြစ်သူ ရှမ်းပြည်နယ် မြို့မဝန်ထောက်ကြီး ဦးကြီးညိုနဲ့ နေထိုင်ခဲ့ပြီး တောင်ကြီး အေဘီအမ် အထက်တန်းကျောင်းမှ, ပညာသင်ကြားခဲ့တယ်။ ပျဉ်းမနားမြို့  အထက်တန်းကျောင်းက ၁၉၃၁ မှာ ဆယ်တန်း(တက္ကသိုလ်ဝင်တန်း) အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ ဆရာဖြစ်သင်ကောလိပ်မှာ ပညာဆက်လက်သင်ကြားခဲ့တယ်။ ရန်ကုန်မြို့ ကန်တော်လေးရပ်ရှိ ဘားမားမွတ်စလင် အထက်တန်းကျောင်းမှာ ကျောင်းဆရာ လုပ်ခဲ့တယ်။ သူဟာ တို့ဗမာအစည်းအရုံးရဲ့ အတွင်းရေးမှူး ဖြစ်သလို စိုက်ပျိုးရေးဝန်ကြီးလည်းဖြစ်ခဲ့တယ်။ 

၁၉၄၅ ခုနှစ်၊ ဇူလိုင်လမှာ သခင်သန်းထွန်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌဖြစ်လာပြီး ၁၉၄၈ ခုနှစ်၊ မတ်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို ဦးဆောင်ပြီး တောခိုခဲ့တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့တယ်။ ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် အင်္ဂါနေ့က အာဏာရှင်ကြီး ဦးနေဝင်းရဲ့ ကောက်ကျစ်တဲ့ အစီအမံနဲ့  ကွန်မြူနစ်ပါတီ တပ်သားအသွင်ယူထားတဲ့ မြကြီးဆိုသူရဲ့ အနီးကပ် လုပ်ကြံ သတ်ဖြတ်တာကို ခံခဲ့ရတယ်။ ဒါကြောင့် သခင်သန်းထွန်းဟာ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်မှာ ကျဆုံးခဲ့တယ်။ ကွယ်လွန်ချိန်မှာ ဇနီးဒေါ်ခင်ကြီးနဲ့ သား ၂ ယောက်၊ သမီးတယောက် ကျန်ခဲ့တယ်။

သခင်သန်းထွန်း၏ ပထမဆုံးနေ့များ

“သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ" ဆိုတဲ့ စာအုပ်အထူကြီးထုတ်ပြီး စစ်တပ်က ဝါဒဖြန့်ခဲ့တယ်။ စာရေးဆရာကြီး တဦးကတော့  "သခင်သန်းထွန်း၏ ပထမဆုံးနေ့များ" ဆိုပြီး သခင်သန်းထွန်း ဂုဏ်ပြု စာအုပ်ရေးဦးမယ်လို့ ပြောတာ ကြားဖူးပါတယ်။ ကျနော်ကိုယ်တိုင်လည်း "သခင်သန်းထွန်း၏ ပထမဆုံးနေ့များ" ဆောင်းပါးရေးခဲ့ဖူးတယ်။ စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ‘သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်’ ဆောင်းပါးမှာ “သခင် သန်းထွန်းဆိုတာ တော်တော် စာဖတ်တယ်ဗျ။ မာက်စ်စာပေလည်း အတော်ဖတ်တယ်။ စာရေးလည်း ကောင်းတယ်” ဟု ကျောင်းဆောင်သို့ ပြန်အရောက်တွင် ကိုဘဟိန်းက ကျနော့်အား ပြောပြလေ့ရှိ၏။ . . . . လို့ ရေးသားခဲ့တယ်။ 

ဆရာကြီး ဒဂုန်တာရာရဲ့ စာအောက်ပိုင်းမှာတော့ "သခင်သန်းထွန်းသည် မန္တလေး ပိုးအပေါ်ဖုံး၊ ပိုးလုံချည် ဝတ်ထား၏။ မျက်နှာမှာ ခပ်လုံးလုံး အရုပ်ဆိုးသည်ဟု ခေါ်ရပေမည်။ အသားက ဝါလဲ့လဲ့ ဆံပင်ကောက်၏။ အထူးခြားဆုံးမှာ ခေါင်းကြီးခြင်း ဖြစ်၏။ အမူအရာမှာ ပျော့ပျောင်း၏။ စကားပြောသော အခါလည်း ခပ်အေးအေးနှင့် သိမ်မွေ့စွာ ပြော၏။ အစက ထင်ထားသကဲ့သို့ အာပေါင် အာရင်းသန်သန် ဟစ်အော်သူ မဟုတ်။ ညှင်းညှင်းညံ့ညံ့ လေသံနှင့်၊ ကဗျာဆရာ မီလတန်၊ လီနင်ဝါဒ၊ ကိုလိုနီခေတ် တော်လှန်ရေး၊ ဘားနတ်ရှောပြဇာတ်၊ ချားလ်စ်ဒစ်ကင်း၏ ဝတ္ထု၊ ဗြိတိသျှ ပါလီမန်၊ ဦးကုလားရာဇဝင်၊ သိပ္ပံမောင်ဝ၏ ခေတ်စမ်းစာ၊ နတ်ရှင်နောင်ရတု စသော အကြောင်းအရာများကို ပြော၏။ နောက်မှ သူသည် ဆရာဖြစ်သင် တက္ကသိုလ်ကျောင်းမှ ထွက်ကြောင်း။ သူသည် ၁၀ တန်းတွင် အင်္ဂလိပ်စာ၊ ရာဇဝင်၊ ဗမာစာ စသည့် ဂုဏ်ထူးများဖြင့် အောင်ခဲ့သည်ဟု သိရ၏။ ကျောင်းနေစဉ်က စာတော်သူတဦး ဖြစ်ခဲ့၏။ ထိုစဉ် အခါက သူသည် ရန်ကုန်အရှေ့ပိုင်း ကုလားကျောင်း တကျောင်းတွင် အင်္ဂလိပ်စာပြ ဆရာ လုပ်လျက် ရှိလေသည်။ တခါက အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဆောင်းပါးတစောင်ကို တက္ကသိုလ်သမဂ္ဂ မဂ္ဂဇင်းဟောင်း တစောင်တွင် ဖတ်ရဖူး၏။ သူသည် အင်္ဂလိပ်စာကို နိုင်နင်းစွာ ရေးနိုင်သူ တဦးဖြစ်၏။ ဂျပန်ခေတ် သူဝန်ကြီး ဖြစ်စဉ်က သူရေးထားသော အင်္ဂလိပ်စာကို ဖတ်၍ ယခု ဆိုရှယ်လစ် ဝန်ကြီး ကိုကျော်ငြိမ်းက “အင်္ဂလိပ်စာ ရေးတာ မြန်သလောက် ကောင်းတာပါပဲ” ဟု ချီးကျူးသည်ကို ကြားရဖူး၏။" လို့ ရေးသားထားခဲ့ပါသေးတယ်။

သခင်သန်းထွန်း၏ စာပေများ

ဒီနေရာမှာ ပြောလိုတာက သခင်သန်းထွန်းဟာ အင်္ဂလိပ်လိုကော မြန်မာလိုပါ စာရေးကောင်းတဲ့ စာရေးဆရာ တဦးလို့လည်း ဆိုကြပါတယ်။ သူဟာ အင်္ဂလိပ်-မြန်မာ ၂ ဘာသာ စာရေးကောင်းပြီး သုပဏ္ဏက၊ ကမ္ဘာလှည့်မောင်တင်မောင် စတဲ့ ကလောင်နာမည်တွေနဲ့ (ကြီးပွားရေး၊ နဂါးနီအသင်း၊ မြန်မာ့အလင်းသတင်းစာတို့မှာ) ဆောင်းပါးတွေ၊ ဘာသာပြန်တွေ ရေးခဲ့သူပါ။ ၁၉၃၉ ခုနှစ်က အရေးတော်ပုံနာမည်နဲ့ ကွန်မြူနစ်ဂျာနယ်ကို လျှို့ဝှက်ထုတ်ခဲ့ပြီး နဂါးနီစာအုပ်အသင်းကို တည်‌ထောင်ခဲ့သူပါ။ 

စာရေးဆရာကြီး ဒဂုန်တာရာကတော့ "သခင်စိုး၏ “ဆိုရှယ်လစ် ဝါဒ” ကျမ်းစာအုပ်၏ အမှာကို သခင် သန်းထွန်းက ရေးသည်။ သူ့ ဗမာစာမှာ တိုတို၊ လိုရင်းနှင့် အဓိပ္ပာယ်ပေါ်၏။ သတင်းစာ ဆန်၏။ ဖတ်သူ စွဲပြီး အနက် ပေါ်လွယ်၏။ အဖြတ်အတောက်ကလေးများမှာ ခေတ်ဆန်၏။ ရှင်းလင်းပြီး လှပ၏။ သတင်းစာဆရာ လုပ်လျှင် သတင်းစာ ဆရာကောင်း တယောက် ဖြစ်မည်ဟု ထင်၏။ သူသည် နဂါးနီစာအုပ် အသင်းကို တည်ထောင်သူတဦး ဖြစ်သည်။ သခင်စိုးနှင့် သူသည် ဗမာပြည်တွင် မာက်စ်ဝါဒ၊ ကွန်မြူနစ်ဝါဒကို ပဌမ ဖြန့်ချိသူများ ဖြစ်ကြ၏။ သခင်စိုးက စကားလုံးအသစ် တည်ထွင်၍ ခံ့ညားသော စာကြီး ပေကြီး၊ ပိဋကတ်စာပေ ဖြစ်အောင် လုပ်ပေး၏။ သခင် သန်းထွန်းကား ဆိုရှယ်လစ် ဝါဒနှင့် ဗမာပြည်၊ ကမ္ဘာ စသည်တို့နှင့် ယှဉ်ကာ လူအများ နားလည်အောင် ပြောပြသူ ဖြစ်၏။ အဓိပ္ပာယ်ကို ဖွင့်ပြကာ ရှင်းလင်း၏။ ယခုခေတ် ကွန်မြူနစ် ဝါဒကို လေ့လာသူတိုင်း သခင်စိုး၊ သခင်သန်းထွန်းတို့ ပြုစု စိုက်ပျိုးခဲ့သော အသီးအပွင့်နှင့် မကင်းနိုင်ကြ။ သူတို့၏ ကွန်မြူနစ် စာပေများကို ဖတ်ပြီး လူများသည် ကွန်မြူနစ်ကို သိလာကြ၏။ သူတို့ စကားလုံးတွေကိုပင် သင်အံပြီး ဖောက်ပြန်ရေး၊ ကလာပ်စည်း၊ လူမှု ဆက်ဆံရေး စသည်ဖြင့် ကြွေးကြော်နေကြ၏။ ခက်သည်မှာ အတုအယောင်များက နိုင်နိုင် နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုး တွင်ကျယ်သဖြင့် လမ်းဦး စွန့်၍ တီထွင်သူ အစစ်တို့မှာ ဖုံးကွယ်ခြင်း ခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထားသဖြင့် အစစ်ကို မမြင်ကြရပေ။ သခင်စိုး၊ သခင်သန်းထွန်းတို့ စွန့်ကာ စလိုက်သော ကွန်မြူနစ် လမ်းစဉ် စာတမ်းများကို ဖတ်ပြီး နိုင်ငံရေး ဇာတ်ခုံပေါ် ရောက်လာကြ၏။ အာဏာတွေ ရလာကြ၏။ ကွန်မြူနစ် နိုင်ငံရေး စာပေတွင် ဝေါဟာရကို ကြွယ်ဝစေသော သခင်စိုးကား ထောင်နံရံထဲတွင် တိမ်မြုပ်နေ၏။ လူအများ ရှင်းလင်း နားလည်အောင် အဓိပ္ပာယ် ကောက်ပြသော သခင် သန်းထွန်းကား ချုံနွယ် ပိတ်ပေါင်းများ အကြားတွင် ရောက်နေရလေပြီ ဆိုပြီး ‘သခင် သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်’ ဆောင်းပါးမှာ ရေးထားခဲ့တယ်။ "သခင်သန်းထွန်း၏ မိန့်ခွန်းပေါင်းချုပ်" စာအုပ်လည်း ရှိပါတယ်။ ဒါ့အပြင် "သခင်သန်းထွန်းစာပေါင်းချုပ်" စာအုပ်ကိုလည်း ၂၀၁၄ ခုနှစ်မှာ နှင်းဆီနီ စာပေက ထုတ်ဝေထားပါတယ်။ 

သခင်သန်းထွန်းစာပေါင်းချုပ်ထဲမှာ သူ့ရဲ့ နိုင်ငံရေး ဆောင်းပါးတွေ၊ ဝေဖန်ချက်တွေ၊ သုံးသပ်ချက်နဲ့ စာအုပ်အမှာစာတွေ ပါဝင်ပါတယ်။  နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန် တော်လှန်ရေး စတဲ့ လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်းရဲ့ နိုင်ငံရေး အတွေ့အကြုံ၊ အမြင်၊ ခံယူချက်တွေကို အတုယူနိုင်ဖို့ သူ့စာ သူ့စာအုပ်တွေကို ရှာဖွေဖတ်ရှုသင့်ပါကြတယ်။ အလားတူ နယ်ချဲ့ဆန့်ကျင်ရေး၊ စစ်အာဏာရှင် ချုပ်ငြိမ်းရေး စတဲ့ ခေတ်အဆက်ဆက် ကလောင်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့သူ စာဆိုတော်ကြီး မင်းသုဝဏ်ကိုလည်း သတိတရ ရှိနေကြပါတယ်။

မင်းသုဝဏ်နှင့် သခင်သန်းထွန်း

ဩဂုတ် ၁၅ ဟာ သူတို့ ၂ ဦးရဲ့ အမှတ်တရ မွေးဖွားရက်နဲ့ ကွယ်လွန်ရက်တွေ ဖြစ်ကြပါတယ်။ တိုက်ဆိုင်နေတာကတော့ ဩဂုတ် ၁၅ ရက်ပါပဲ။ ဩဂုတ် ၁၅ ရက်ဟာ မြန်မာ့သမိုင်းမှာ လွတ်လပ်ရေးတိုက်ပွဲအတွင်း ဦးဆောင်အဖွဲ့ကြီး ဖြစ်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီကို စတင် တည်ထောင်ခဲ့တဲ့ နေ့လည်း ဖြစ်တယ်။ သူတို့ ၂ ဦးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသူတွေ ဖြစ်ကြသလို ရန်သူစစ်အုပ်စုကို ဇွဲ သတ္တိ အပြည့်နဲ့ အာခံခဲ့ကြသူတွေလည်း ဖြစ်ကြပါတယ်။ နှလုံးရည်လို့ခေါ်တဲ့ စာပေနဲ့ ပြည်သူလူထုကို လမ်းပြခဲ့ကြသူတွေလည်း ဖြစ်ခဲ့ကြရဲ့။ ဆရာကြီး မင်းသုဝဏ်ဟာ သက်ဆုံးတိုင် စာပေတွေ ရေးသားခဲ့သလို သခင်သန်းထွန်းဟာလည်း ဗိုလ်ချုပ်အောင်ဆန်းလို စာရေးဆရာဘဝကို ခံယူသွားဖို့ ရည်ရွယ်ကောင်း ရည်ရွယ်နိုင်သူ တယောက် မဟုတ်ဘူးလို့ မပြောနိုင်သူပါ။ သေချာတာကတော့ စာဆိုကြီး မင်းသုဝဏ်နဲ့ သခင်သန်းထွန်းတို့ ၂ ဦးစလုံးဟာ ကျနော်တို့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြတဲ့ နွေဦး တော်လှန်မျိုးဆက်သစ်တွေအတွက် လမ်းပြကြယ်ကြီးတွေ ဖြစ်ကြပါတယ်။ ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013