DVB Logo
Home
Lead Story
နှုတ်တရာ စာတလုံး စာတရာ ကာတွန်းတကွက်
မောင်တူး
·
August 27, 2026
နှုတ်တရာ စာတလုံး စာတရာ ကာတွန်းတကွက်
Donate to DVB

 

ကာတွန်းရေးချက်၊ သရော်နှက်တာ

မီဒီယာခေတ်၊ အလုပ်ဖြစ်စွ

ထိရောက်လှတာ၊ စစ်အာဏာရှင်

ရုပ်သွင်ပေါ်သား၊ ထင်ရှားလှချက်

တကွက်ကာတွန်းများ။ ။

ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီးကို ဖြတ်မောင်းလိုက်ရင် ကားနဲ့ ၁၀ မိနစ်လောက် ခရီးမှာရှိတဲ့ Borderline အနုပညာ ပြခန်းမှာ မြန်မာပြည်က အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင် သရော်လှောင်ပြောင်တဲ့ ကာတွန်းပြပွဲတခု ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်ကနေ ၂၃ ရက်အထိ ၂ ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီပြပွဲမှာ သူ့ရဲ့ ကာတွန်းတွေ ပါဝင် ပြသထားတဲ့ ကာတွန်းဆရာ "ဘီရုမာ" က ပြောပြပါတယ်။

“နှုတ်တရာ စာတလုံး ဆိုသလို စာတရာ ကာတွန်းတကွက်လို့ ပြောချင်ပါတယ်။ ကာတွန်းတကွက်ဟာ သတင်းအချက်အလက်ပေါင်း များစွာကို ပေးနိုင်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ သရုပ်သကန်တွေကို ဖော်ပြတဲ့ ကာတွန်းတွေကို နိုင်ငံတကာက အလွယ်တကူ မြင်တွေ့အောင် ပြသလိုက်နိုင်တာမို့ ကျနော် ပါဝင်တဲ့ ဒီကာတွန်းပြပွဲဟာ အရမ်းအရေးပါတယ်လို့ ပြောချင်ပါတယ်။”

အခုလို ပြောခဲ့တဲ့ ကာတွန်းဆရာ ဘီရုမာဟာ လူငယ်တဦးပါ။ ဒီဗွီဘီ သတင်းထောက်လည်း လုပ်ခဲ့ဖူးသူပါ။ ရန်ကုန်မှာ ဒီဇိုင်းဆရာတဦးအနေနဲ့လည်း ဒီဇိုင်းသင်တန်းကျောင်းလေး ဖွင့်ခဲ့ဖူးပေမဲ့ သူ့ရဲ့ စစ်တပ်ကို သရော်တဲ့ ကာတွန်းတွေကြောင့် ဖမ်းဆီးခံခဲ့ရဖူးသလို ရပ်တည်မရတော့တာကြောင့် ပြည်ပထွက်လာရသူပါ။ အလားတူ ပြည်တွင်းမှာ ဖမ်းဆီးခံရမဲ့ ရန်ကြောင့် ပြည်ပထွက်လာရသူ ကာတွန်းဆရာတွေလည်း ရှိပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာဆိုရင် မြန်မာကာတွန်းဆရာတွေရဲ့ အခြေအနေတွေ ပိုဆိုးလာပါတယ်။ ဒါပေမဲ့သူတို့ရဲ့ ကာတွန်းတွေကတော့ စစ်အာဏာရှင်တွေကို အိပ်မက်ဆိုးတွေ မက်စေခဲ့တာပါ။ 

ကာတွန်းတခု

ထိရှမှုကား

ရွေးတုသမ္မတ ရူးလောက်သည်။ ။

ကာတွန်းဘီရုမာရဲ့ ပြပွဲအတွင်း ချိတ်ဆွဲပြသထားတဲ့ တကွက်ကာတွန်းတွေထဲမှာ (ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲ စားပွဲဝိုင်းကို ဝှီးချဲလေးနဲ့ မအလ က ဝင်လာတဲ့ ကာတွန်း) ကို အကြိုက်ဆုံးပါပဲ။

image.png

"ကမ္ဘာ့အာဏာရှင် ခေါင်းဆောင်ကြီးတွေရဲ့ ဆွေးနွေးဝိုင်းကို ထိုင်ခုံလွတ်မရှိတဲ့အတွက် ကျနော်တို့ မြန်မာ့ အာဏာသိမ်း ဂီးဆောင်ဂျောင်းကလည်းသူ့မှာရှိတဲ့ လူနာတင် ဘီးတပ်ကုလားထိုင်လေးနဲ့ အတင်းတိုးဝင်လာပုံကို သရော်ထား ရေးဆွဲထားတာပါ" လို့ ကာတွန်း ဘီရုမာက ပြောပြပါတယ်။

WART CARTOON EXHIBITION IN MAE SOT "Soft Power for Better Future" အမည်ရှိ ဂျပန် - မြန်မာ ကာတွန်းပညာရှင်တွေ စုပေါင်းပြပွဲ ဖြစ်ပါတယ်။ ကာတွန်းတွေ ပြသနေတဲ့ Borderline ပြခန်းရဲ့ အထဲမှာတော့ ပြပွဲ  ပြုလုပ်ရတဲ့ အကြောင်း ရည်ရွယ်ချက်တွေကို A4 စာရွက် တရွက်နဲ့ အခုလို ကပ်ထားပါတယ်။ 

image.png

"မြန်မာစစ်တပ် အာဏာသိမ်းတာ ၅ နှစ် ကျော်လာပြီ။ စစ်တပ်က အပြောင်းအလည်းမရှိ ပြည်သူတွေကို လက်နက်အားသုံး ဖြိုခွင်း ဖိနှိပ်နေဆဲဖြစ်ပြီး၊ လွတ်လပ်တဲ့ ထုတ်ဖော် ပြောဆိုမှုတွေလည်း ပိတ်ပင်ခံထားရဆဲ ဖြစ်ပါတယ်။ ပုဂ္ဂလိက သတင်းဌာနတွေရဲ့ လိုင်စင်တွေလည်း ပိတ်သိမ်းခံခဲ့ရပြီး ယနေ့ထိတိုင် သတင်းမီဒီယာထိန်းချုပ်မှု ခံနေရဆဲ ဖြစ်ပါတယ်။ သတင်းမီဒီယာတွေ သာမက ကာတွန်းဆရာများ၊ စာရေးဆရာများ၊ ရုပ်ရှင်ဒါရိုက်တာများ စတဲ့ Expressive Activities တွေအားလုံး ပြင်းထန်စွာ ဘောင်ခတ် ကန့်သတ်ခံနေရပြီး တချို့မှာ အသက်ပေးခဲ့ရသည်အထိ ရှိခဲ့ပါတယ်။ အဲ့လို အခြေအနေတွေမှာ မြန်မာနဲ့ ဂျပန် ၂ နိုင်ငံလုံးမှာရှိတဲ့ ယဉ်ကျေးမှု "တကွက်ကာတွန်း" ကို အဓိကထားပြီး "ငြိမ်းချမ်း လွတ်လပ်တဲ့ သရုပ်ဖော် လှုပ်ရှားမှုအဖွဲ့ " WART " ကို ဖွဲ့စည်းခဲ့ပါတယ်။ ဂျပန်ပြည်တွင်း ပြည်ပကနေ ကာတွန်းပုံတွေကို လက်ခံရယူပြီး ပြပွဲများ ကျင်းပခြင်း၊ အွန်လိုင်း စင်မီနာများ ကျင်းပခြင်းတို့မှတဆင့် မြန်မာ့အရေးကို ကျယ်ကျယ်ပြန့်ပြန့် သိအောင် လုပ်ဆောင်နေပါတယ်။

ထို့ပြင် စစ်တပ်ကို အကြမ်းမဖက် ဆန့်ကျင်နေတဲ့ CDM ဆရာ ဆရာမများမှတဆင့် CDM ကျောင်းသားများက ရေးဆွဲတဲ့ပုံတွေ ထိုင်းနိုင်ငံ မဲဆောက်က MLCs ကျောင်းက ကျောင်းသားတွေ ရေးဆွဲတဲ့ ပုံတွေကိုလည်း ပြပွဲတွေမှာ ပြသ မိတ်ဆက်ပေးမှုတွေ လုပ်ပါတယ်။ အဲ့လို ခံစားချက် အပြည့်နဲ့ ဆွဲပေးတဲ့ ပုံတွေကို စုစည်းထားတဲ့ စာအုပ်တအုပ် ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်နဲ့ ပြပွဲတွေကို လာရောက်  ကြည့်ရှုရင်း လွတ်လပ်စွာ ပြောဆိုနိုင်ခြင်း၊ သရုပ်ဖော်နိုင်ခြင်းတို့ကို စဉ်းစားသုံးသပ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ၂၀၂၆ ဩဂုတ်လ

အဖွဲ့အမည် WART ဟာ Wa, Art, Revolution, Trance တို့ရဲ့ ထိပ်စာလုံး တလုံးစီကို ကိုယ်စားပြုပါတယ်။ Wa ဟာ ဂျပန်စာလုံး "ငြိမ်းချမ်းရေး"နဲ့ မြန်မာစာလုံး "ဝ" (ပြည့်ဝမှု) အဓိပ္ပာယ်ကို ယူဆောင်ပါတယ်။ WART စာလုံး မူရင်း အဓိပ္ပာယ်ကတော့ "အဖု" ဖြစ်ပြီး လူတွေကို ခလုတ်တိုက်မိစေမယ့် အရာဖြစ်ပါတယ်။ လူ့ဘောင်လောက သတိထားမိစေမဲ့ လှုပ်ရှားမှုကို ဦးတည်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမည် ပေးခဲ့ခြင်း ဖြစ်ပါတယ်။

Kyoto Seika University က ဂျပန်လူမျိုး ကာတွန်း ဒိုနိုက ပြပွဲနဲ့ လှုပ်ရှားမှုတွေကို ဦးဆောင် စီစဉ် ပြုလုပ်ပေးခဲ့တာပါ။ ဂျပန်လူမျိုး ကာတွန်းဒိုနို ကိုယ်တိုင် ၂၀၁၇ ခုနှစ်က ရန်ကုန်ကို သွားခဲ့ပြီး မြန်မာကာတွန်းဆရာတွေနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

ရန်ကုန်မှာ အလွတ်သတင်းထောက်လုပ်နေတဲ့ ဂျပန်လူမျိုး မစ္စတာ ယူကီကီတာဇူမီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဂျပန် မြန်မာကာတွန်း အနုပညာ လုပ်ငန်းတွေကို ပူးတွဲလုပ်ခဲ့ကြပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးအခါမှာတော့ ယူကီကီတာဇူမီဟာ သတင်းသမား ဖြစ်လို့ အဖမ်းခံခဲ့ရတာနဲ့ မြန်မာ ကာတွန်းဆရာတွေ အဖမ်းခံခဲ့ရတာတွေကို တန်ပြန်ဖို့ WART အဖွဲ့ကို ဖွဲ့စည်းခဲ့တာလို့ မစ္စတာ ဒိုနိုက ဆိုပါတယ်။ "ဒီလို ဖွဲ့စည်း လုပ်ကိုင်ကူညီခဲ့တာကြောင့်လည်း ပြည်ပရောက် မြန်မာ ကာတွန်းဆရာတွေကို အကူအညီတွေ ပေးနိုင်ခဲ့ပါပြီ။ မြန်မာကာတွန်း ဆရာတွေလည်း သူတို့ရဲ့ စစ်အာဏာရှင်ကို သရော်တဲ့ ကာတွန်းတွေ စင်တင်ခွင့် ရလာကြတာပေါ့။" ဆက်ပြောပါတယ်။

ကာတွန်းသမိုင်း

ကာတွန်းဟာ သတင်းစာမပေါ်ခင် ရှေးပဝေသဏီကတည်းက ဝေဖန်ရေး လက်နက်တခု ဖြစ်ခဲ့တာပါ။ နိုင်ငံရေး ကမောက်ကမတွေကို ကာတွန်းဟာသနဲ့ သရော်ကြတာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ လောက်က အီဂျစ်ဧကရာဇ် ဖာရိုဘုရင်ကို ကျောက်ပြားပေါ် ကာတွန်းတွေေ ထွင်းထု သရော်ခဲ့ကြဖူးတယ်။ ကမ္ဘာ့ကာတွန်းအဦးအစပေါ့။ ၁၇ ရာစုခေတ် အုပ်ချုပ်သူတွေကို သတင်းစာတွေမှာ ကာတွန်းနဲ့ ဝေဖန် သရော်ခဲ့ကြတယ်။ 

မြန်မာ့ကာတွန်းအစ

မြန်မာပြည်မှာ ၁၉၁၅ ခုနှစ်က မြန်မာ့ကာတွန်း စပေါ်လာတယ်။ ပထမဆုံး ကာတွန်းဖခင်ကြီးက ရွှေတလေး(ဦးဘကလေး) ၁၈၉၃- ၁၉၄၅ ဖြစ်ပါတယ်။ ၁၉၁၈ ခုနှစ် နောက်ထပ် ကာတွန်းဆရာကြီးတွေ ဖြစ်ကြတဲ့ ဦးဟိန်စွန်း၊ ဦးဘဂျမ်း၊ ဖေသိန်း၊ ဘထွေး၊ ကျော်ဆန်းတို့ အသီးသီးပေါ်လာတယ်။ ကာတွန်းဦးဟိန်စွန်းက “သတင်းစာမှန်ရင် ကာတွန်းပါရမယ်။ ကာတွန်းမပါ သတင်းစာကား  ဆားမပါသော ဟင်းနဲ့ တူသတဲ့”။ ကြီးကျယ်ခမ်းနားတဲ့ ဖြစ်ရပ်၊ အကြောင်းအရာတွေကို စက္ကန့်ပိုင်းနဲ့ စာဖတ်သူတွေ နားလည် ရှင်းလင်း ထိမိ စွဲမြဲ စေနိုင်တယ်။ အမှန်တရားဘက်ရပ်တည်ပြီး ဝေဖန်သရော်၊ လှောင်ပြောင် ပညာပေးတဲ့ ကာတွန်းတွေပေါ့နော်။ ရိုးရိုး ဟာသကာတွန်းထက် နိုင်ငံရေးဟာသကာတွန်းက ပို၍ဉာဏ်ကစားရသပေါ့။ ကာတွန်းကောင်း ဖြစ်ဖို့ စာဖတ်အား၊ နိုင်ငံရေး လေ့လာအား အတွေးအခေါ်လည်း မြင့်မားရသတဲ့။

ပထမဆုံး မြန်မာကာတွန်းကို ရွှေတလေး (ဦးဘကလေး) က ၁၉၁၅ ခုနှစ် ရန်ကုန်ကောလိပ် မဂ္ဂဇင်းမှာ အင်္ဂလိပ်ဘာသာနဲ့ ရေးဆွဲခဲ့တယ်။ မြို့အုပ်ရူး ရူးနေတဲ့ အဲ့သည်ခေတ် ကောလိပ်ကျောင်းသားတချို့ကို သရော်ထားတဲ့ကာတွန်းပါ။ ပထမဆုံး မြန်မာဘာသာနဲ့ ကာတွန်းကို ရွှေတလေးကပဲ ရေးဆွဲခဲ့ပြီး ၁၉၁၅ ခုနှစ် မတ်လထုတ် သူရိယမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပါ။ ရှေးရိုး အဒေါ်အပျိုကြီးက ခေတ်အပျိုတူမကို ‘ညည်းတို့ခေတ်ဟာ မျက်ခုံးမွေး ဆွဲချင်ရတာနဲ့၊ အင်္ကျီပါးဝတ်ချင်ရတာနဲ့၊ ဝတ္ထုဖတ်ချင်ရတာနဲ့၊ မြင်းပွဲသွားချင်ရတာနဲ့၊ ရည်းစား ထားချင်ရတာနဲ့၊ ရည်းစား ပျက်ရတာနဲ့ တကတဲတော်  ရည်းစားတထောင် လင်ကောင်တယောက်ဆိုတာ ဉာည်းတို့ခေတ်ကျမှ မှန်နေတာပဲ’ လို့ ပြောတဲ့ ကာတွန်းပုံပါ။

ကာတွန်းကြောင့် မြန်မာပြည်မှာ ပထမဆုံး ထောင်ကျသူ

၁၉၂၂ ခုနှစ် ဝေလမင်းသား မြန်မာနိုင်ငံလာချိန် မျက်နှာကြီးအမျိုးသမီးတွေ အလုအယက်ဝိုင်း ပြုစုကြတာကို ‘ပညာ့အလင်းသတင်းစာ’ မှာ ‘ရတနာဒီပံဖယောင်းတိုင်ထွန်းနည်း’ (မိန်းမစွံအောင် ပီယဆေးဖြင့် လုပ်သောနည်း) ဆိုတဲ့ ကာတွန်းကို ဖော်ပြလို့ ကိုလိုနီ နယ်ချဲ့အစိုးရက မျက်မာန်ရှပြီး အယ်ဒီတာ ဦးပုလေးကို ထောင် ၂ လ ချခဲ့ဖူးပါတယ်။ 

ကာတွန်း ဘိရုမာ ကာတွန်းကြောင့် အဖမ်းခံခဲ့ရတဲ့အကြောင်း

အခု မဲဆောက်မှာ ကာတွန်းပြပွဲဝင်ခဲ့သူ ကာတွန်းဆရာ ဘိရုမာဟာ ၂၀၁၂ ခုနှစ်ကလည်း သူ့ရဲ့ ကာတွန်းတွေကြောင့် ရန်ကုန် အနောက်ပိုင်းခရိုင် ရဲစခန်းက ဖမ်းဆီးတာ ခံခဲ့ရဖူးတယ်။ သူ့ကို ဖမ်းတဲ့အချိန်ဟာ ဦးသိန်းစိန် သမ္မတ ကာလ ဖြစ်ပါတယ်။

သူ ပြောပြတာကတော့ “ကျနော့်ကို ၂၀၁၂ မဲမရွေးခင်လောက်က အနောက်ပိုင်းခရိုင်ရဲက ဖုန်းဆက်လာတယ်။ သူတို့ဆီလာခဲ့ဖို့ပေါ့။ သွားတော့ ကျနော့်ကာတွန်းတွေအတွက် ဖမ်းမယ်လို့ ပြောတယ်။ အဘတွေက ဖမ်းခိုင်းတာလို့သိရတယ်။ ကျနော်ကလည်း အရင်က သူတို့ စစ်အစိုးရကနေ ဦးသိန်းစိန် အစိုးရကိုပြောင်းလဲပြီး Clean Government သန့်ရှင်းတဲ့ အစိုးရ ဘာညာ ပြောင်းနေပြီမို့ ဖမ်းဖို့ မလိုတော့ဘူး ဆိုတာရှင်းပြတယ်။ သူတို့ အထက်ကို ပြန်ပြီးတင်ပြနေကြတယ်။ ကျနော့်ကိုတော့ ခုံပေါ်မှာပဲ ထိုင်ခိုင်းထားတယ်။ ဒီခုံပေါ်ပဲ ညအိပ်လိုက်ရတယ်။ ကာတွန်းပုံတွေ သိမ်းထားတဲ့ဟာ့ဒစ် External Harddisk ကိုလည်း သိမ်းတယ်။ အမှုပြီးမှ ပြန်ပေးမယ်တဲ့။ ကျနော်က အဲ့ဒီတုန်းက ကိုရီးယားမှာ ကျောင်းတက်ဖို့ လျှောက်လွှာနဲ့ ကာတွန်းတွေပါတဲ့ ပါဆယ်ကို စာတိုက်ကပို့မိတာ။ အဲ့ဒီမှာ ပါဆယ်ထုပ်ကို ဖေါက်စစ်တော့ ကာတွန်းတွေ တွေ့သွားပြီး ဖုန်းနံပတ်နဲ့လိုက်၊ ကျနော့ကို ဖမ်းတာ။ တည သူတို့ဆီမှာ အိပ်လိုက်ရတယ်။ ဦးသိန်းစိန် အစိုးရကိုပြောင်းလဲနေချိန်မို့ Clean government သန့်ရှင်းတဲ့ အစိုးရ ဘာညာ Good governance ပြောင်းနေပြီမို့ လျှော့ပေးလိုက်တာလို့ ထင်တယ်ဗျ။ တညအိပ်ပြီး နောက်နေ့ရောက်တော့ မင်းထုခြေလွှာရေး ဆိုပြီး တောင်းပန်စာ သဘောမျိုး ရေးခိုင်းတယ်။  အာမခံကို စာရေးဆရာ အကြည်တော်က လက်မှတ် လာထိုးပေးတယ်။ ခရီးဝေးမသွားရဘူး။ ခြေချုပ်နဲ့ ပြန်လွှတ်တာ။ ကျနော့် ကာတွန်းတွေက သူတို့ကို ဝေဖန်ထားတာလေ။ အရင်လူတွေဆို နှစ် ၆၀ တို့ ဘာတို့ ကျတာဆိုတော့ ရိုက်နှက် နှိပ်စက်ခံရဦးမလားဆိုပြီး ကျနော်တော်တော်လန့်နေခဲ့တာဗျ။ ကျနော့်ကို လွှတ်ပေးတော့ ည တော်တော်ကြီး မိုးချုပ်နေပြီ။ ၂ ရက်တိတိ အဖမ်းခံခဲ့ရတာပေါ့”

ကာတွန်းဘိရုမာဟာ ၂၀၁၂ ခုနှစ်က အဖမ်းခံခဲ့ရတာမို့သာ ၂ ရက်လောက် ဖမ်းထားပြီး အစစ်အဆေးခံရရုံ ဖြစ်ခဲ့တာပါ။ တကယ်လို့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်သာ အဖမ်းခံရမယ်ဆိုရင် မတွေးဝံ့စရာပါပဲ။

နွေဦးတော်လှန်ရေးကို စိတ်ခွန်အားပေးသော ကာတွန်းများ

ဂျပန်ကာတွန်းဆရာ ဒိုနိုက "အခုလို တကွက်ပြ ကာတွန်းတွေဟာ ဂျပန်မှာလည်း ရှိတယ်။ မြန်မာပြည်မှာလည်း ရှိတယ်။ ယဉ်ကျေးမှုခြင်း တူတယ်။ ဒီလို တကွက်ပြ ကာတွန်းတွေကနေတဆင့် မြန်မာနိုင်ငံမှာ စစ်တပ်က ဖိနှိပ်နေကြောင်းကို ကာတွန်းတွေ ရေးဆွဲတဲ့ ဂျပန် ဆရာ ဆရာမတွေ အများကြီး ရှိတယ်ဆိုတဲ့ အကြောင်းကိုပေါ့နော် မြန်မာပြည်တွင်းကလူတွေရော၊ နောက် နိုင်ငံတကာရောက် မြန်မာနိုင်ငံနဲ့ ပတ်သက်သူတွေ အားလုံးက သိရှိပြီး ကျနော်တို့က မြန်မာနိုင်ငံအပေါ်မှာ မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ သတင်းစကားကို ပေးလိုတာ ဖြစ်ပါတယ်။ ဒီ ကာတွန်းတကွက်စီကနေ မြန်မာပြည်သူတွေဆီ တိုက်ရိုက် ကူညီထောက်ပံ့မှု ရချင်မှ ရမယ်။ သို့သော် ဒီ ကာတွန်းကွက်တွေကို ဖော်ပြခြင်းကြောင့် ပြည်သူတွေ စိတ်ခွန်အား ဖြစ်ကြမှာပါ" လို့ ပြောပါတယ်။

 

ဂျပန်-မြန်မာ ကာတွန်းပြပွဲ မဲဆောက်

မဲဆောက် ကာတွန်းပြပွဲကို ပူးတွဲစီစဉ်သူ ကျိုတိုဆိုင်ကာ တက္ကသိုလ်က သုတေသနမှူး မနန်းမြကေခိုင်က "ပြပွဲမှာ ကာတွန်း ၅၇ ကွက်ပါပြီး မြန်မာ ကာတွန်းဆရာ ၁၇ ဦး၊ ဂျပန်ကာတွန်းဆရာ ၄၀ တို့ရဲ့ လက်ရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်ပြည်မှာ ဆုရထားတဲ့ ဂျပန်ကာတွန်းဆရာမ အိုကာဝါရဲ့ သံတိုင်နောက်ကွယ်က ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ချိုးဖြူငှက်ပုံ ကာတွန်းကို ပြပွဲကာဗာဓာတ်ပုံ ပြုလုပ်ထားကြောင်းလည်း ပြောပြပါတယ်။

image.png

ဂျပန်ကာတွန်းဆရာရဲ့ နောက်ကာတွန်းတကွက်ကတော့ "အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်တဦးက သေနတ်အလက်ပေါင်းများစွာကို ကိုင်ထားပြီး မြန်မာတပြည်လုံးကို နေရာမလပ် ပစ်ခတ်နေပုံကို ဖော်ပြထားပါတယ်။ 

image.png

ဒီပုံဟာလည်း စစ်တပ်က ၅ နှစ်အတွင်း ပြည်သူ ၈,၀၀၀ ကျော်ကို သတ်ဖြတ်ပြီးပြီလို့ ဖော်ပြထားတဲ့ AAPP ရဲ့ မှတ်တမ်းကို အတည်ပြုပေးနေသလိုပါပဲ။ တကွက်ကာတွန်းဟာ ကာတွန်းတပုံထဲ တကွက်ထဲမှာပဲ ဖော်ပြလိုတဲ့ အကြောင်းအရာတွေကို အပြီးအစီး ထည့်သွင်း ရေးဆွဲရတာပါ။

ပြခန်းက ကာတွန်းတကွက်ဆိုရင် စစ်ဖိနပ်နဲ့ သွေးချင်းချင်းနီနေတဲ့ မြန်မာပြည်မြေပုံကြီးကို တက်နင်းခြေနေပြီး တဖက်မှာ UN က တားဆီးနေပုံကို ဖော်ပြထားတယ်။ 

image.png

စစ်အာဏာရှင်က တပြည်လုံးကို နှိပ်စက်နေတာရော စိတ်ပူပြီးရင်း ပူပြီး ဘာမှလုပ်မပေးပဲနေတဲ့ UN နဲ့ နိုင်ငံတကာကိုရော၊ သွေးစိမ်းရှင်ရှင် မြန်မာပြည်ကို ကယ်ဖို့လိုနေတာရော အားလုံးကို တပြိုင်တည်း ရေးဆွဲထားတာပါ။ အလားတူပဲ ကြည့်လိုက်တာနဲ့ မြန်မာပြည်အတွက် အရေးပေါ် အမြန်ဆုံး လူတိုင်းက တခုခု လုပ်ကြသင့်တာကို မြင်တွေရမဲ့ ကာတွန်းပြပွဲလည်း ဖြစ်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013