DVB Logo
Home
Lead Story
စက်တင်ဘာ ကျိန်စာ
DVB
·
September 11, 2026
စက်တင်ဘာ ကျိန်စာ
Donate to DVB

"ဟီး....ဟီး....ဟီး"

"လူမဆန်တဲ့ကောင်တွေ ..... လူလိုမသိတဲ့ကောင်တွေ ..... ဒင်းတို့နဲ့ ..... ဒင်းတို့ သားသမီးတွေလည်း ဝဋ်လည်ကြပါစေ"

ဟီးချကာ ငိုနေရင်း ကျိန်ဆိုလာသော အသက် ၃၀ ကျော်ခန့်ရှိ အမျိုးသမီးတဦးကို ဆောက်လုပ်ရေးဂိုဒေါင်ထဲ ပုန်းအောင်းနေသည့် အခြားအမျိုးသမီးနှစ်ဦးက အပြင်ထွက်ကာ ဆီးကြို တွဲခေါ်လာကြသည်။

ကျနော် ပုန်းအောင်းနေရာအနီးရှိ သွပ်ပေါက်မှ ချောင်းကြည့်စဉ်က မမြင်မတွေ့ရသော ထိုအမျိုးသမီး၏ ကိုယ်လုံးကို ဂိုဒေါင်ထဲ ရောက်လာမှ သေချာ မြင်တွေ့ရတော့သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီး။

ကိုယ်ဝန်ဆောင်ဝတ် အင်္ကျီအောက်မှ ကိုယ်ဝန်သည် နေ့စေ့လစေ့လုပြီကို ပြညွှန်းနေသည့်အလား ပြည့်တင်းလျက်။

အချိန်ကာလကား ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။

မြန်မာ့တော်လှန်ရေးသမိုင်းတွင် အထင်ကရ တော်လှန်ရေးလှုပ်ရှားမှုတခုဖြစ်သည့် သံဃာတော်များ ဦးဆောင်သော "ရွှေဝါရောင်တော်လှန်ရေးကာလ"။

ထိုကာလက ကျနော်သည် ပြည်တွင်းဂျာနယ်တခု၏  သတင်းထောက်အဖြစ် ရှိနေသည်။ သံဃာတော်များနှင့် ဝန်းရံ ပြည်သူလူထု၏ ဆန္ဒပြပွဲများ စတင်လာသည်နှင့် ကျနော်တို့ ဂျာနယ်တိုက်တွင်လည်း ထိုသတင်းများအား မည်သို့ ကိုင်တွယ်ကြမည်နည်းဟူ၍ တိုင်ပင်ကြရတော့သည်။ ထိုသတင်းများကို စာပေစိစစ်ရေးက ဂျာနယ်စာမျက်နှာပေါ် အပါမခံမည်ကို အားလုံးက သိနားလည်ကြပြီးဖြစ်၏။

သို့သော် သတင်းသမားတို့မည်သည် ခေတ်ကာလအရ ဖော်ပြ၍ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သမိုင်းမှတ်တမ်းများကို ရယူထားကြရမည်ဟု တာဝန်ခံအယ်ဒီတာ၏ ပြောစကားကို အားလုံးက သဘောတူကြသည်။

သို့ဖြင့် ကျနော်တို့ သတင်းထောက်များလည်း ဂျာနယ်စာမျက်နှာတွင် မပါနိုင်သည့် သတင်းနှင့် သတင်းဓာတ်ပုံများ ရရှိနိုင်ရန် ကြိုးပမ်းကြရတော့သည်။ သံဃာတော်တို့၏ ပတ္တနိက္ကုဇ္ဇနကံဆောင် ဆန္ဒပြပွဲများကား အရှိန်မြင့်တက်လာ၏။ ရန်ကုန်မြို့၏ အထင်ကရ လမ်းမကြီးများထက်တွင် သံဃာတော်များ၏ မေတ္တာပို့သံများ ဖုံးလွှမ်းနေသည်။ အမည်းရောင်ကတ္တရာလမ်းမများထက် နီညိုရောင်တန်းများကြားမှ လွင့်ပျံ့နေသည့် သာသနာ့အလံတို့၏ မြင်ကွင်းမှာ ကြက်သီးထစရာ။  ကျနော်သည်လည်း သံဃာတော်များ စီတန်းလှည့်လည်ရာ‌ လမ်းတလျှောက် လိုက်ပါ သတင်းယူနေသည်မှာ တပတ်ခန့်ရှိလာပေပြီ။ ခန္ဓာကိုယ်နှင့် ခြေထောက်များက နွမ်းနယ်စ ပြုလာသော်လည်း စိတ်က မညောင်း။ နေ့ဆွမ်းစားပြီးချိန် သံဃာတော်များ ဘယ်မှာစုရပ် လုပ်ထားသည်ဟူသော ကနဦး သတင်းရယူကာ ထိုနေရာသို့ အရောက်သွားစမြဲ။ ဓာတ်ပုံ မှတ်တမ်းများ ယူကာ ညနေစောင်းမှ ဂျာနယ်တိုက်သို့ ပြန်စမြဲ။

စက်တင်ဘာ၊ တတိယပတ်အတွင်းက ရက်တရက်၏ မွန်းလွဲပိုင်းအချိန်။ သံဃာတော်များ တာမွေအဝိုင်းထိပ်တွင် ရှိနေကြပြီကို မြင်တွေ့လိုက်ရ၍ ကျနော် လိုင်းကားပေါ်မှ အမြန်တိုးဝှေ့ဆင်းလိုက်သည်။ လွယ်ထားသည့် ကင်မရာ ပါမပါကို လက်ဖြင့် တချက်စမ်းရင်း သံဃာတော်များ အနီးသို့ ရောက်အောင် အပြင်းလျှောက်ရသည်။ သံဃာတန်းနားသို့ မီလာသည့်အခါ သံဃာတော်ထုမှာ နှစ်ခြမ်းကွဲလုလု ဖြစ်နေသည်ကို မြင်တွေ့ရ၏။ တာမွေအဝိုင်းထိပ်မှ ချီတက်လာသည့် သံဃာတော်တန်းကို အရှေ့မြင်းပြိုင်လမ်းပေါ်တွင် ချထားသည့် သံဆူးကြိုး ဘယ်ရီဂိတ်များက တားဆီးထား၏။ သံဃာတော်များသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားသို့ ဦးတည်ချီတက်လိုခြင်းဖြစ်ကြောင်း ဦးဆောင်သံဃာတော်များ အနီးရောက်အောင် တိုးဝှေ့ နားစွင့်ကြည့်မှ သိလာရသည်။ သံဃာတော်တချို့က ဘယ်ရီဂိတ်များမရှိသည့် တောင်မြင်းပြိုင်ကွင်းလမ်းမှ ပတ်သွားလိုကြပြီး သံဃာတော် အနည်းစုကမူ ဘယ်ရီဂိတ်များကို ဖယ်ရှား၍ မူလသတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း အရှေ့မြင်းပြိုင်ကွင်းလမ်းမှ ကျိုက္ကဆံဘုရားသို့ ချီတက်လိုကြခြင်း ဖြစ်၏။

ဦးဆောင်သံဃာတချို့ စုဝေးညှိနှိုင်းနေကြပုံများကို ကျနော် ဓာတ်ပုံရိုက်ထားလိုက်သည်။ တာမွေ အထက (၃) ကျောင်းအနီး အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် တောင်မြင်းပြိုင်ကွင်းလမ်းထောင့်‌တွင် ညှိနှိုင်းနေကြခြင်းပင်။ မကြာပါ။ သံဃာတန်းက နှစ်ခြမ်းကွဲသွားသည်။ သံဃာအများစုက တောင်မြင်းပြိုင်ကွင်းလမ်းဘက်မှ ကွင်းသွားရန် ဆုံးဖြတ်လိုက်ကြ၏။ သံဃာအနည်းငယ်နှင့် ဝန်းရံသူတချို့က ဘယ်ရီဂိတ်များကို ဖယ်ရှား၍ ဆက်သွားမည်ဟု ဆိုကြသည်။ ထိုစဉ်က ကျိုက္ကစံမြင်းပြိုင်ကွင်းဟောင်းထဲ၌ စစ်တပ်က တပ်စွဲကာ လုံခြုဲရေးယူထားချိန်ဖြစ်ပြီး ဘယ်ရီဂိတ်များဖြင့် လမ်းပိတ်ထားသည်မှာလည်း ၎င်းတို့လက်ချက် ဖြစ်၏။ ဘယ်ရီဂိတ်များသည် တာမွေ အထက (၃) မှ ကိုက် ၃၀၀ ခန့်အကွာတွင် ရှိနေသည်။ ထိုမှစ၍ ပိတ်ထားသည်မှာ အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် သင်္ဃန်းကျွန်းဘက်သွားရာ လေးထောင့်ကန်လမ်းဆုံကို ကျော်သည်အထိ ပိတ်ထားသည်ကို လှမ်းမြင်တွေ့ရသည်။

တောင်မြင်းပြိုင်ကွင်းလမ်းမှ ကွင်းသွားသူများနှင့် ကျနော် လိုက်သွား၍ ရသည်။ သို့သော် ဒီဘက်ခြမ်းမှာ ဘာဆက်ဖြစ်မလဲ။ လုံခြုံရေးတပ်ဖွဲ့များ၏ တုံ့ပြန်ပုံကို မြင်လိုလျှင် ဒီဘက်ခြမ်းမှာ ကျန်ခဲ့မှသာ ဖြစ်မည်ဟု ကျနော်ယူဆသည်။ သို့သော် ကျနော့် လုံခြုံရေးအတွက် ပြန်သုံးသပ်ကြည့်ရသေးသည်။ သတင်းရယူ စုဆောင်းထားလို၍ သတင်းလိုက်ယူသည့် သတင်းသမားက မာလကီးယားသွား၍ မဖြစ်သည်ကို ကျနော်နားလည်၏။ သို့နှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် တောင်မြင်းပြိုင်ကွင်း လမ်းဆုံရာ၏ နောက်ဘက် ခပ်လှမ်းလှမ်းအထိ ဆုတ်လာရင်း ပလက်ဖောင်းပေါ်မှ လှမ်းအကဲခတ်နေလိုက်သည်။ အလံကိုင် သံဃာတော် သုံးလေးပါးနှင့် လူတချို့သည် ရှေ့မှ ဦးဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်ရင်း ဘယ်ရီဂိတ်များဆီ ဦးတည်သွားသည်။ ဝန်းရံသူတချို့လည်း ကြွေးကြော်သံများ လိုက်အော်ရင်း ၎င်းတို့ နောက်မှ ကပ်လိုက်သွားကြသည်။ တာမွေ အထက(၃) ရှေ့၊ ဗာဒံပင်ရိပ်အောက်မှ လူတစုကမူ ကျောင်းရှေ့တွင်ပင် ကျန်နေခဲ့သည်ကို လှမ်းမြင်ရ၏။ ထိုသူတို့မှာ ဆန္ဒပြအဖွဲ့မှ မဟုတ်ဘဲ ကျောင်းလာကြိုသည့် မိဘများ ဖြစ်မည်ကို ကျနော် ရိပ်စားမိလာ၏။

ထိုအခိုက်တွင်ပင် တာမွေအဝိုင်းထိပ်ဘက်မှ ချီတက်လာသည့် ဝန်းရံသူများ ထပ်ရောက်လာတော့သည်။

"ဟာ ..... သတင်းထောက်မင်း .... ကင်မရာကြီးလွယ်လို့ ဒီမှာ ရပ်နေတာလား၊ လာလာ တို့နဲ့ ချီတက်ကြရအောင်"

ပြောပြောဆိုဆို ကျနော့်လက်မောင်းလာကိုင်ကာ ဆွဲခေါ်နေသည်မှာ ကျနော်၏ ငယ်သူငယ်ချင်း အောင်နိုင်ဝင်း။ သူနှင့်အတူ ကျနော့် ဇာတိမြို့ဘက်မှ သိသူများလည်း ပါလာ၏။ ကျနော်က သတင်းသမားဖြစ်၍ ဆန္ဒပြသူများကြားထဲ လိုက်၍မဖြစ်ဟု ရှင်းပြနေသော်လည်း မရတော့။ အားလုံးက ဝိုင်းညှပ်ဆွဲခေါ်နေသဖြင့် ကျနော့်မှာ ကင်မရာလည်ပင်းတန်းလန်းရမ်းလျက် ပါသွားရတော့သည်။ ကျနော့် ဇာတိမြို့သားများအကြား ကျနော် ကိုးရိုးကားယားနှင့် ဗျာများနေစဉ်ပင် အနောက်ဘက်မှ ကားများ မောင်းဝင်လာသံကို ကြားလိုက်ရတော့သည်။ လက်မောင်းကို တဖက်တချက် ဆွဲထားသူများကြားမှ ဦးခေါင်းကို လှည့်စောင်းကြည့်မိလိုက်တော့ စစ်ကားတွေ။ ပထမ နှစ်စီးက လူအုပ်ကြားထဲ အရှိန်ဖြင့် မောင်းဝင်လာခြင်းပင်။

"စစ်ကားတွေ .... စစ်ကားတွေ"

"ဟေ့ ..... မအေလုံးတွေ ဘယ်ကောင်မှ မပြေးနဲ့"

"ဒိုင်း.....ဒိုင်း.....ဒိုင်း"

အနောက်ဘက် လူအုပ်ဆီမှ စစ်ကားတွေဟူသော အာမေဋိတ်သံများနှင့်အတူ စစ်ကားများအပေါ်မှ ခြိမ်းခြောက်အော်ဟစ် ပစ်ခတ်လိုက်သံများက ရှေ့ဆင့်နောက်ဆင့် ပေါ်ထွက်လာ၏။

ကျနော် ရှိသမျှအားကို ညှစ်ထုတ်ကာ လက်မောင်းကို တဖက်တချက် ဆွဲညှပ်ထားသည့် သူငယ်ချင်းများလက်မှ အားကုန်ရုန်းထွက်ကာ လမ်းဘေး ပြေးထွက်လိုက်၏။ မပြေး၍ မဖြစ်။ စစ်ကားသည် လုအုပ်ထဲ တနာရီ ကီလိုမီတာ ၄၀ ခန့်ရှိမည့် အရှိန်ဖြင့် မောင်းဝင်လာခြင်းဖြစ်သည်။ အားလုံးကို တိုက်သတ်မည့်ဟန်။ လူတန်းလည်း ဖရိုဖရဲ လမ်းဘေးဝဲယာသို့ ကွဲထွက်သွားသည်။ မှောက်လျက် လဲသူလဲ၊ တယောက်နှင့် တယောက် တွန်းတိုက်မိသူ တိုက်မိနှင့် မျက်စိတမှိတ်အတွင်းမှာ ငရဲတမျှ။

အဓိကရုဏ်းနှိမ်နင်းရပုံ အဆင့်ဆင့်ကို သတင်းထောက်ဖြစ်သည့် ကျနော် နားလည်ပါသည်။ ကနဦး အနေဖြင့် လူစုလူဝေးခွဲစေရန် လုံခြုံရေးအဖွဲ့က လော်စပီကာဖြင့် အော်ဟစ်သတိပေးရမည်။ ထိုမျှဖြင့်မရမှ ရေပိုက်လုံးဖြင့် ထိုးကာ လူစုခွဲရမည်။ ထို့နောက်တွင်မှ မျက်ရည်ယိုဗုံး သုံးရမည် စသည်ဖြင့် အဓိကရုဏ်း ဖြိုခွင်းလျှင် သုံးရသည့် နည်းစနစ်ရှိသည်။ အစိုးရပီသသော အစိုးရတိုင်း ကျင့်သုံးကြသော စနစ်။ မြန်မာစစ်အစိုးရကား ထိုသို့မဟုတ်။ လော်စပီကာနှင့် သတိပေးရန်ဝေးစွ။ လူအုပ်ကိုပင် တိုက်သတ်ရန် အကြံဖြင့်  အရှိန်မလျှော့ ကားမောင်းဝင်လာ၏။

စစ်ကားများသည် ဘယ်ရီဂိတ်များအနီး ရပ်ရန် အရှိန်လျော့လိုက်သည်နှင့် ယူနီဖောင်းဝတ် စစ်သားများသည် လက်နက်ဆို၍ တုတ်၊ ဓားမျှပင် ကိုင်ဆောင်မထားသည့် ပြည်သူများအပေါ်ကို ခြိမ်းခြောက်အော်ဟစ်ရင်း သေနတ်များဖြင့် လှမ်းပစ်ကာ ခုန်ဆင်းလာပြီး နီးစပ်ရာလူကို ဖမ်းဆွဲ လှဲကြတော့သည်။

"ဟေ့ကောင် မပြေးနဲ့ .... ‌မပြေးနဲ့ ..... ပြေးရင် ပစ်မှာ"

ကျနော့်အနီးရောက်လာသော စစ်သားက အနောက်က လှမ်းအော်လိုက်သဖြင့် ကျနော် တချက် တွေသွားသေးသည်။ သို့သော် အဖမ်းခံ၍ မဖြစ်ဟူသော အသိတရားက မောင်းထည့်လိုက်သဖြင့် နောက်တချက်လှည့်ကြည့်ပြီးနောက် အားသွန်ကာ ဆက်ပြေးမိတော့သည်။ နောက်လှည့်ကြည့်လိုက်မိသည့်အခိုက်  စစ်ကားအနီတဝိုက်တွင် လူသုံးလေးယောက်ခန့် လဲကျနေပြီး စစ်သားနှစ်ယောက်က လဲကျသူများကို စစ်ဖိနပ်ဖြင့် နင်းထားသည်ကို လှမ်းမြင်လိုက်ရသည်။

ရှေ့တွင် ရေမြောင်း။ ရေမြောင်းမြင်သည်နှင့် ကျနော် ရေမြောင်းထဲ ဆင်းဝပ်နေလိုက်ပြီ။ ကံကောင်းသည်မှာ ထိုနားက ရေမြောင်းများသည် သုံးပေခန့်ကျယ်၊ လေးပေခန့်နက်ကာ ရေမြောင်းအဖုံးများ ရှိမနေခြင်းက ကျနော်တို့ လူစုတသိုက်ကို အခိုက်အတန့် ခိုကိုးရာ ရစေခဲ့ခြင်းပင်။  ကျနော် ခုန်ဆင်းပြီးနောက် ကျနော့်အပေါ်က လူနှစ်ယောက် ထပ်ဖိလာပြန်၏။ အောက်မှာ ရေမြောင်းအတွင်းက ရွှံ့နွံများ၊ အပေါ်မှာက မိမိလို အသက်လု ဝပ်နေရသည့် လူနှစ်ဦး၏ ခန္ဓာကိုယ်များ။ လေးသည်ဟု ကျနော် မငြီးတွားအား။ လည်ပင်းက ကင်မရာကြိုးတလျှောက်ကို စမ်းသပ်ကိုင်တွယ်ရင်း ကင်မရာအိတ်နှင့် ‌ရွှံ့နွံများ တိုက်ရိုက် မထိမိစေရန် လက်နှစ်ဖက်ကို ရင်ဘတ်ဆီ လျှိုသွင်း၍ ကင်မရာအား အကာအကွယ်ယူ ပွေ့ထားလိုက်သည်။

စစ်သားများ၏ အော်ဟစ် ဆဲဆို ပစ်ခတ်သံများ အနည်းငယ် စဲသွားချိန်လေးတွင် ရေမြောင်းထဲ ဆင်းဝပ်နေသူများ ထပြေးကြပြန်၏။ ကျနော့် ကျောပေါ်က လူနှစ်ယောက်လည်း ထပြေးလေပြီ။ ကျနော်လည်း ကုန်းရုန်းထကာ ရေမြောင်း ဘောင်ပေါ်ခုန်တက်၍ ပြေးရပြန်၏။ ရှေ့တွင် လူတစုသည် ဝင်းပေါက်တခုအတွင်း ဝင်ပြေးနေကြသည်။ တချို့ကား လမ်းတဘက်ရှိ တာမွေ အထက (၃) ကျောင်း အုတ်တံတိုင်းကို ကျော်ခွ တက်နေကြသည်။ ကျနော်လည်း အနီးရှိ ဝင်းတခုအတွင်း ဝင်ပြေးတော့သည်။ သေနတ်သံများ ပြန်ထွက်လာပြန်၏။ ခေါင်းကို ပုဝပ် ပြေးလွှားရင်း ဝင်းအတွင်းရှိ အဆောက်အအုံငယ်ထဲ ရောက်မှ သိလိုက်ရသည်က ကျနော် ရောက်နေရာသည် ဆောက်လုပ်ရေးဆိုဒ်တခု၏ ဂိုဒေါင် အဆောက်အအုံဆိုခြင်းပင်။ ထပ်ထားသည့် ဘိလပ်မြေအိတ်များ၊ သွပ်ပြားများ၊ အထပ်သားပုံများအကြား တိုးဝှေ့သွားရင်း ဘိလပ်မြေအိတ်ကို အကာအကွယ်ယူကာ ထိုင်ချလိုက်သည်။ ဟောဟဲလိုက်ရင်း အသက်လုရှူကာ ဘေးဘီကို ကျနော်ကြည့်မိတော့ နံဘေးရှိ ထုံးအိတ်တန်းများကြား ထိုင်နေသူတချို့သည် ထုံးဖြူဖြူများ ပေပွလျက် လူဝံဖြူများသဖွယ်။ သာမန်အချိန်တွင် တယောက်ကို တယောက်ကြည့်ကာ ရယ်မောမိကြမည်ဖြစ်သော်လည်း ထိုစဉ်က မရယ်ရဲကြ။ ခြံဝင်းအပြင် လမ်းမထက်မှ သေနတ်သံ၊ ပြေးလွှား အော်ဟစ်သံများကိုသာ နားစွင့်နေကြရ၏။

စစ်သားများ ခြံဝင်းထဲ ဝင်မလာပါစေနှင့်ဟု ကြိတ်ဆုတောင်းနေကြရသည်။ ထိုအခိုက်မှာပင် ခြံဝင်းဘက်ဆီ ပြေးလာသံတချို့ကို ကျနော်တို့ ကြားလိုက်ကြရသည်။ သွပ်မိုးသွပ်ကာ ဂိုဒေါင်အတွင်းရှိ သွပ်ပေါက်ထဲမှ အပြင်ကို လှမ်းချောင်းကြည့်တော့ တာမွေ အထက (၃) ဘက်မှ လူတချို့ လမ်းဖြတ်ကူးကာ ပြေးဝင်လာကြခြင်းပင်။ ထိုလူလေးငါးယောက်ခန့် ဝန်းထဲဝင်ပြီးသည်နှင့် သံတခါးကို ဂိုဒေါင်စောင့် ဖြစ်ဟန်တူသူက ပြေးထွက် ပိတ်ချလိုက်မှ ကျနော်တို့ ဟင်းချနိုင်တော့သည်။

"ဟီး....ဟီး....ဟီး"

"လူမဆန်တဲ့ကောင်တွေ ..... လူလိုမသိတဲ့ကောင်တွေ ..... သင်းတို့နဲ့ ..... သင်းတို့ သားသမီးတွေလည်း ဝဋ်လည်ကြပါစေ"

ဟီးချကာ ငိုနေရင်း ကျိန်ဆိုလာသော အသက်သုံးဆယ်ကျော်ခန့်ရှိ အမျိုးသမီးတဦးကို ဆောက်လုပ်ရေးဂိုဒေါင်ထဲ ပုန်းအောင်းနေသည့် တခြားအမျိုးသမီးနှစ်ဦးက ဂိုဒေါင် အပြင်ထွက်ကာ ဆီးကြို တွဲခေါ်လာကြသည်။

ဗိုက်ဖုံးဂါဝန်အောက် မလုံတလုံရှိနေသည့် ဒူးတဖက်သည် ပွန်းပဲ့ကာ သွေးများ စွန်းပေလျက်။ ဖိနပ်နှစ်ဖက်ကား လုံးလုံးမပါလာတော့။ ခြေဗလာဖြင့် ဆံပင်များ ဖားလျားကြဲကာ  ငိုယိုနေသည့် အမျိုးသမီးကို ရေဘူးလက်ထဲ ပါလာသူတို့က ရေသန့်ဘူးကမ်းပေးရင်း နှစ်သိမ့်ကြရသည်။ အမျိုးသမီးတချို့က ဒူးခေါင်းမှ သွေးစများကို သုတ်သင်ပေးကြ၏။ ကိုယ်‌ဝန်ဆောင်ကား ရှိုက်ကြီးတငင်ငိုနေဆဲ။

"ကျမက သမီးကြီးကို ကျောင်းလာကြိုတာလေ၊ ဟီးဟီး၊ တခြားမိဘတွေလည်း ရှိတယ်၊ ဆန္ဒပြနေတာလည်း မဟုတ်ဘူး၊ ဟီးဟီး၊ ကိုယ့်သားသမီးကို ကျောင်းလာကြိုတာတောင် လူမဆန်တဲ့ကောင်တွေက ပစ်ခတ်နေတယ် ဟီးဟီး၊ တကယ်ဆို သတိပေးပြီးမှ လုပ်ပါလား၊ အခုတော့ ကျမတို့ ကျောင်းကြိုတဲ့ မိဘတွေပါ အသက်လုပြေးရတယ်"

"ဟီး....ဟီး....ဟီး"

"လူမဆန်တဲ့ကောင်တွေ ..... လူလိုမသိတဲ့ကောင်တွေ ..... ဒင်းတို့နဲ့ ..... ဒင်းတို့ သားသမီးတွေလည်း ဝဋ်လည်ကြပါစေ"

ကိုယ်ဝန်ဆောင်အမျိုးသမီးသည်  မည်သူကမျှ မမေးပါဘဲ သူကြုံတွေ့ခဲ့ရသမျှကို ငိုယိုလျက် မြည်တမ်း ပြောဆိုနေတော့သည်။

"အေး.... အေး တိတ်ပါ သမီးရယ်၊ အန်တီတို့လည်း ဒီလိုပါပဲ၊ လမ်း‌ပေါ် ဖြတ်သွားရင်း အခုလို ကြုံရတာပါပဲ၊ စစ်တပ်ကတော့ လွန်လွန်းပါတယ်အေ၊ လူတွေအကုန် ကားနဲ့ တိုက်သတ်ဖို့ ကြံတာပဲ၊ ရော့ ရော့ ရေလေးသောက်လိုက်ပါဦး သမီးရယ်၊ သမီးမှာလည်း မပေါ့မပါးနဲ့ ရေသောက် ..... ရေသောက်"

အသက် ၅၀ ကျော်ခန့်ရှိ အမျိုးသမီးကြီးတဦးက နှစ်သိမ့်ရင်း ရေဘူးကို လက်ထဲ ထိုးထည့်ပေးလိုက်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် သူ့ဗိုက်ကို သတိရသွားဟန်ရှိ၏။ ဗိုက်ကို သူ့လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွ ပွတ်ရင်း

"ငါ့ဗိုက်ထဲက ကလေး တခုခုဖြစ်ရင် ဒင်းတို့လည်း တူသောအကျိုးပေးပါစေ၊ ဒင်းတို့ သားသမီးတွေလည်း မိတကွဲ ဖတကွဲနဲ့ အကုသိုလ်အကျိုး ခံစားကြရပါစေ"

နှစ်တွေကြာခဲ့ပြီ။ အတိအကျ ရေတွက်ရလျှင် ဆယ့်ကိုးနှစ်တာ ကာလ။ တာမွေ အထက (၃) ကျောင်းရှေ့တွင် ခုံးကျော်တံတားကြီးလည်း တည်ဆောက်ပြီးသွားခဲ့ပြီ။ အရှေ့မြင်းပြိုင်ကွင်း ကတ္တရာလမ်းမပေါ် ကျခဲ့သည့် ပြည်သူ့သွေးများ ခန်းခြောက်သွားပြီလား။

စက်တင်ဘာလရောက်တိုင်း အပြစ်မဲ့ပြည်သူ ကိုယ်ဝန်ဆောင် မိခင်တဦး၏ ကျိန်စာကို ကျနော် ကြားယောင်မိနေမြဲ။

စိုင်းမင်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013