
လက်လွှတ်ဆုံးရှုံးထားရတဲ့ မြို့တွေပြန်ရရေးအတွက် စစ်အာဏာရှင်က လေကြောင်းတိုက်ခိုက်မှုနဲ့ တရုတ်အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးမှုတွေကို အဓိက အားကိုးလုပ်ဆောင်နေကြောင်း BNI-Myanmar Peace Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်အထိမှတ်တမ်းတွေအရ စစ်တပ်ဟာ စစ်ကိုင်းတိုင်းထဲက မော်လူးမြို့ကို မေ ၅ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တာကြောင့် တော်လှန်ရေးအင်အားစုတွေဆီကနေ ၁၇ မြို့အထိ ပြန်လည် ရရှိသွားတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေက ပြည်နယ် ၁၀ ခုထဲက မြို့ပေါင်း ၁၀၄ မြို့ကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်မှာ ၃ မြို့၊ ၂၀၂၅ ခုနှစ်မှာ ၉ မြို့နဲ့ ၂၀၂၆ ခုနှစ်မှာ ၅ မြို့စီ ပြန်လည်လက်လွှတ်ရတာကြောင့် ၈၇ မြို့ကို ဆက်လက် ထိန်းချုပ်ထားတယ်လို့ ဖော်ပြပါတယ်။
စစ်တပ်ဟာ နယ်မြေတွေကိုပြန်ရဖို့အတွက် လေကြောင်းတိုက်ခိုက်မှုကို အဓိက အသုံးပြုနေပြီး ၂၀၂၆ ခုနှစ် မေလ ၆ ရက်နေ့အထိ မြို့နယ် ၁၇၇ ခုမှာ တိုက်ခိုက်မှုဖြစ်စဉ် ၃,၁၆၁ ခုရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဒုတိယမြောက်နည်းလမ်းအဖြစ် တရုတ်အစိုးရရဲ့ အကူအညီနဲ့ ကိုးကန့်တပ် MNDAA ၊ တအန်းတပ် TNLA တို့ကို အပစ်ရပ်စေပြီး လားရှိုး၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို ပြန်လည်တောင်းခံ ထိန်းချုပ်ခဲ့ပါတယ်။
ကျန်မြို့တွေဖြစ်တဲ့ အင်းတော်၊ မော်လူးနှင့် ဖလမ်းအပါအဝင် မြို့ ၁၄ မြို့ကို လက်လွှတ် ရတာ ကတော့ စစ်တပ်ရဲ့ လေကြောင်းရန်နဲ့ မြေပြင်ထိုးစစ်ကို မခုခံနိုင်တာ၊ လူသူနဲ့ ခဲယမ်း မလုံလောက် တာတို့ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
မြေပြင်ထိုးစစ်တွေမှာလည်း ပျူစောထီးတွေ၊ SNA (ရှမ်းနီတပ်) နဲ့ စစ်မှုထမ်း သင်တန်းဆင်းတွေကို တွဲဖက်အသုံးပြုခဲ့တဲ့အကြောင်း BNI ရဲ့အစီရင်ခံစာမှာရေးသားထားပါတယ်။
ဒါအပြင် တော်လှန်ရေးအင်အားစုအချင်းချင်းကြား ခိုင်မာအားကောင်းတဲ့ စုစည်းညီညွတ်မှုကို လက်တွေ့ ကျကျ မရရှိသေးတာကလည်း စစ်အာဏာရှင်အတွက် အခွင့်လမ်းကြီးတခု ဖြစ်နေတဲ့ အကြောင်း အခြေအနေတွေကို သုံးသပ်ထားပါတယ်။
တဖက်မှာလည်း တနင်္သာရီတိုင်း၊ မောတောင်မြို့နဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့တွေကို စစ်တပ်က မေ ၁၉ ရက်ဝန်းကျင်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီကလည်း နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့နဲ့ နမ့်ခမ်းမြို့တွေပြန်ပေးဖို့ တရုတ်ကတဆင့်ဖိ အားပေး တောင်းဆိုနေတာ ဖြစ်ပါတယ်။










