
ဖာပွန်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ် စစ်ကြောင်းတွေက မိုင်တိုင်အမှတ် ၂၈/၅ နီးရှိ ဖားလုံးကြီးကျေးရွာအနီးမှာ အချိန် ၁ လကျော်ကြာတဲ့အထိ ရှေ့ဆက်မတိုးနိုင်ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာ ခံနေရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ပြီးခဲ့တဲ့ မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဖာပွန်ဗျူဟာ မကျရှုံးရေးနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေးအတွက် အင်အား ၂,၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီးရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်တို့ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
စစ်ကြောင်းတွေဟာ ၄ လကျော် ကြာတဲ့တိုင် ဖာပွန်မြို့သို့ ရောက်ရှိခြင်းမရှိသေးဘဲ မိုင် ၂၀ လောက်အကွာ မိုင်တိုင်အမှတ် ၂၈/၅ နီးရှိ ဖားလုံးကြီးကျေးရွာသို့ ဩဂုတ် ၃ ရက်က ရောက်ရှိခဲ့ပြီးနောက် ၁ လကျော်ကြာတဲ့အထိ ရှေ့ဆက်မတိုးနိုင်ဘဲ KNLA ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ခံနေရခြင်း ဖြစ်ပါတယ်။
KNU တပ်မဟာ ၅ မူတြော်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က “ဖားလုံးကြီးရွာကိုတော့ နည်းနည်းကျော်ပါတယ်။ ဒါပေမဲ့ ဖားလုံးဂွင်မှာပဲ ရှိနေတုန်းပါပဲ။ အဲဒီဂွင်မှာ ရှိနေတာ ကြာပါပြီ။ ဖားလုံးဂွင်မှာရှိတဲ့ ထိပ်တိုက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်သလို အောက်ဘက်က လမ်းလုံခြုံရေးယူတဲ့ အဖွဲ့တွေလည်း ဖြတ်တိုက်ခံရတာတွေ ရှိပါတယ်။ အဲဒီဂွင်မှာ ရောက်နေတာ လနဲ့ချီ ကြာပါပြီ။ တိုက်ပွဲကလည်း နေ့တိုင်းလိုလို ဖြစ်နေပြီးတော့ လက်နက်တွေလည်း ရရှိပါတယ်၊ တခါတလေ ၂ လက်၊ တခါတလေ ၃ လက် စသဖြင့် ရရှိပါတယ်"လို့ ပြောပါတယ်။
စစ်တပ်က ရှေ့ဆက်တိုးနိုင်ဖို့အတွက် မြေပြင်နဲ့ ဝေဟင်ပစ်ကူရယူကာ အနီးအနားရှိ ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်နေပါတယ်။
လက်ရှိ စစ်တပ်ဘက်က သေဆုံးသူ များပြားနေတဲ့အတွက် မြဝတီဘက်မှ စစ်အင်အားတွေ ထပ်မံဖြည့်တင်းထားကြောင်း ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “သူတို့ ရှေ့ဆက်မတိုးနိုင်တာက လမ်းကြောင်းကျွမ်းကျင်မှု မရှိတာလည်း ပါပါတယ်။ ပြီးတော့ ဖာပွန် တပ်မဟာ ၅ မှာက မြစ်ချောင်းတွေ များတယ်။ ကုန်းလမ်းကတော့ သူတို့ တစိတ်တပိုင်းအနေနဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်တွေနဲ့ တိုးလို့ ရနိုင်ပါမယ်။ လက်ရှိမှာလည်း စစ်ကောင်စီဘက်က အကျအဆုံး များတာကြောင့် ဒီဘက် မြဝတီ-ဝေါလေဘက် ပို့ထားတဲ့ ခလရ ၂၇၅ တို့ဘက်ကနေ တပ်သား ထုတ်နုတ်အင်အားတွေကို လွန်ခဲ့တဲ့ ၃ ရက်လောက်ကမှ FAW ကား ၆ ဘီးကား အပြည့် ပြန်ဆင်းလာပြီး ဖာပွန်ဘက်ကို ပြန်သွားတယ်လို့ ကျနော်တို့ ကြားသိထားရတာတွေ ရှိပါတယ်။ အဲဒီတော့ ဘယ်လိုပဲလုပ်လုပ် အရင်တုန်းကလည်း စစ်ရေးနဲ့ နိုင်ငံရေး သုံးသပ်ပြီးသားပါ။ တရားသောစစ်နဲ့ မတရားသောစစ် အချိန်တန်ရင် အဖြေပေါ်မယ် ဆိုတာလေး ပြောချင်ပါတယ်"လို့ ပြောပါတယ်။
ဖာပွန်မြို့သို့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် စစ်ကြောင်းတွေထံကနေ ၄ လကျော်ကာလအတွင်း တပ်ရင်းမှူး အပါအဝင် ၁၅၂ ယောက် သေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် ၂၀၀ ယောက် ဒဏ်ရာရရှိခဲ့ပြီး လက်နက် ၂၀ လောက် သိမ်းဆည်းရမိခဲ့ကြောင်း KNU က သတင်းထုတ်ပြန် ပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်တွေထံ ထွက်ပြေးဝင်လာသူ ၃၆ ယောက် ရှိခဲ့ပြီး ဘက်ဟိုးယာဉ် အပါအဝင် ယာဉ်မျိုးစုံ ၈ စီး ပျက်စီးခဲ့ကြောင်းလည်း KNU ထုတ်ပြန်ချက်အရ သိရပါတယ်။











