
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေနဲ့ ပုဏ္ဏားကျွန်းကြားမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်နေတာ ရက် ၂၀ ဝန်းကျင် ကြာမြင့်လာပြီး AA က စစ်တွေဘက်ကို တန်ပြန်ထိုးစစ်ဆင်လာသလို စစ်တပ်ဘက်ကလည်း နေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်နေပါတယ်။
ရခိုင်ပြည်နယ်ထဲက မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) က ပြည်နယ်ရဲ့ အချက်အချာမြို့တော် စစ်တွေကိုဦးတည်ပြီး တန်ပြန် ထိုးစစ်ဆင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
အာဏာရှင်စစ်တပ်က ၄၉၂၆ စစ်ဆင်ရေး ဒါမှမဟုတ် ရန်နိုင်အောင် စစ်ဆင်ရေးလို့ အမည်ပေးပြီး စက်တင်ဘာ ၄ ရက်မှာ ပုဏ္ဏားကျွန်းဘက်ကို ထိုးစစ်ဆင်တဲ့အချိန်ကစလို့ မြို့နယ်အစပ်တွေမှာရှိတဲ့ မင်းချောင်းတံတား၊ ဝါဘိုနဲ့ ခမောင်းတောကျေးရွာတွေဘက်မှာ တိုက်ပွဲ ဖြစ်ပွားနေတာပါ။
AA ရဲ့ တန်ပြန်ထိုးစစ်ကြောင့် အရေးနိမ့်နေတဲ့စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက်လုပ် နေတယ်လို့ ရခိုင်ဒေသခံ စစ်ရေးရင်းမြစ်က ပြောပါတယ်။
ရခိုင်ဒေသခံ အမျိုးသားတယောက်က “ဒီနေ့လည်း တိုက်ပွဲရှိတယ်။ တနည်းပြောရင် စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်လို့ ပြောလို့ရတဲ့နေရာတွေပေါ့။ မင်းချောင်းတံတားထိပ်ကဂိတ်ကိုထိ AA ပြန်သိမ်းလိုက်ပြီ။ သူတို့နောက် ဒီဘက်က ခမောင်းတောရွာလို့ပြောရမှာပဲ၊ အဲဒီကစခန်းကိုလည်း သူတို့ ပြန်သိမ်းတယ် AA ဘက်က။ သူတို့ အဲဒီမှာ အထိခိုက်များတဲ့အတွက် လေကြောင်းက အရမ်းပစ်ကူတယ်။ ဒီနေ့လည်း ကြဲထားပြီးပြီ။ အဲဒီပုဏ္ဏားကျွန်းအစပ်တွေ။ စစ်တွေတိုက်ပွဲက မရပ်တော့ဘူး၊ သူက အရှိန်လည်းရသွားပြီ။ ကျနော် ကြားတာတော့ စစ်တွေကို ပထမ ဦးစားပေးအနေနဲ့ ဖြတ်မယ်လို့ ကြားတယ်”လို့ ပြောပါတယ်။
တဖက်မှာလည်း အထိနာလို့ တပ်ပြန်ဆုတ်နေရတဲ့ စစ်တပ်က အရပ်သား ဦးတည်တဲ့ ဗုံးကြဲမှုတွေကို ပြုလုပ်နေတာကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ထဲ ကျေးရွာတွေက အိမ်စောင့်ကျန်ခဲ့သူတွေကိုပါ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ AA က သတိပေးထားပါတယ်။
စက်တင်ဘာ ၂၁ ရက်မှာတင် စစ်တပ်က မြို့နယ် ၄ ခုကို ဗုံးကြဲခဲ့လို့ အရပ်သား ၂ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တာပါ။
စစ်တွေဘက်မှာတော့ တိုက်ပွဲတွေ နီးကပ်လာတာနဲ့အတူ လက်နက်ကြီးသံနဲ့ ဗုံးကြဲသံတွေကို မြို့ပေါ်ကနေ နေ့တိုင်းကြားနေရပြီး စိုးရိမ်ထိတ်လန့်နေကြသလို စားဝတ်နေရေး ပိုပြီးခက်ခဲလာနေတဲ့အကြောင်း မြို့ခံတယောက်က ပြောပါတယ်။
စစ်တွေမြို့ခံတယောက်က “ပစ်တာတွေတော့ ကြားတာပါပဲ။ ဒီတိုင်းပါပဲ။ ပစ်နေတာတွေ ကြားလို့ ရူးသလိုလို ဖြစ်နေပါပြီ။ လူတွေက တော်တော်တော့ ဒုက္ခရောက်တာရှိပါတယ်။ စားဝတ်နေရေး အဆင်မပြေပါဘူး။ ဒီမှာက အလုပ်ကိုင်တွေ ရှားတယ်။ ကုန်ဈေးနှုန်းတွေလည်းတက်နေတော့ အဲတာကြောင့်ပါ။ ကုန်စည်တွေကတော့ သင်္ဘောတွေနဲ့ပဲ လာပါတယ်။ ဒီမှာက ကုန်ဈေးနှုန်းတွေကလည်း အခုတော့ ပိုတက်လာပါတယ်။ စက်သုံးဆီဈေးတော့ ကျပါတယ်။ အပြင်မှာ ရောင်းတာတွေကကျတော့ ၁၄,၀၀၀၊ ၁၅,၀၀၀ အဲဒီလိုမျိုး ရောင်းကြပါတယ်။ ထွက်လို့ကတော့ ရန်ကုန်တို့ဘာတို့ရပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာ နေစရာ မရှိတဲ့သူတွေအတွက်ကြ တော့ အဆင်မပြေဘူးလေ ”လို့ ပြောပါတယ်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ လူသားစာနာနဲ့ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ၇ သိန်း ဝန်းကျင်ရှိပြီး လက်ရှိ စစ်အာဏာရှင်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးနဲ့အတူ ထပ်မံ နေရပ်စွန့်ခွာနေရသူ ထောင်နဲ့ချီ ရှိလာနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အတူ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်က တိုက်ပွဲတွေထဲ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ စစ်သုံ့ပန်းနဲ့ ရန်သူအလောင်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ AA က စက်တင်ဘာ ၂၀ ရက်မှာ ဓာတ်ပုံ ဗွီဒီယိုတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။











