
မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ ချင်းတောင်ပိုင်းဘက်ကို ထိုးစစ်ဆင်ဖို့အတွက် လောင်းရှည်မြို့ ဘေးပတ်လည်ရှိ ကျေးရွာတွေမှာ ဒေသခံ လူငယ်တွေကို စစ်အာဏာရှင်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ စတင်ပြုလုပ်နေပါတယ်။
စက်တင်ဘာ ၁၉ ရက်က မကွေးတိုင်း၊ မင်းဘူးဘက်မှ တက်လာတဲ့ ယာဉ်အစီးရေ ၂၀၀ နီးပါးနဲ့ စစ်အင်အား ၁,၀၀၀ ဝန်းကျင်ပါတဲ့ စစ်တပ် စစ်ကြောင်းက စက်တင်ဘာ ၂၀ ရက်မှာ လောင်းရှည်မြို့ရှိ အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၅) အတွင်းသို့ ရောက်ရှိသွားပါတယ်။
အဆိုပါ စစ်ကြောင်းဟာ လောင်းရှည်မြို့နဲ့ ၂၅ မိုင်ခန့် အကွာရှိ ဆောမြို့မှတဆင့် ချင်းတောင်ပိုင်းသို့ ထိုးစစ်ဆင်မဲ့ စစ်ကူစစ်ကြောင်းဖြစ်ပြီး မကွေးအခြေစိုက် တပ်မ (၈၈) လက်အောက်ခံတပ်တွေ ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
ဒီစစ်ကြောင်း ရောက်ရှိလာပြီး ရက်ပိုင်းအတွင်းမှာပဲ လောင်းရှည်မြို့ အရှေ့ဘက်နဲ့ အနောက်ဘက် ကျေးရွာတွေမှာ ပေါ်တာဆွဲနေတာလို့ သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “စက်တင်ဘာ ၂၀ ရက် ညကနေ မနေ့ကအထိ တနေ့လုံး လောင်းရှည်မြို့ အနီးအနားဝန်းကျင်က ရွာတွေမှာပေါ့လေ။ အဲဒီနားဝန်းကျင်က ရွာတွေက လူငယ် လူရွယ် အမျိုးသားတချို့ကို ပေါ်တာဆွဲ ဖမ်းဆီးနေတာတွေ ရှိပါတယ်။ အဲဒါကို စုံစမ်းကြည့်တော့ ပြည်သူ့စစ်အဖြစ် ဆွဲတာလား၊ စစ်မှုထမ်းဖို့လား မေးကြည့်တော့ စစ်မှုထမ်းခိုင်းရင်လည်း ခိုင်းမယ်၊ ပြန်ရွေးခိုင်းရင်လည်း ခိုင်းမယ်လို့ သိရတယ်။ လောလောဆယ်တော့ ငွေကြေးတတ်နိုင်တဲ့သူတွေရဲ့ သားတွေပဲ ဖြစ်နေတယ်။ ဖမ်းဆီးခံထားရတဲ့ လူဦးရေကိုတော့ အတည်ပြုလို့ မရသေးပါဘူး။ ကျနော် သိရသလောက်တော့ လောင်းရှည် အနောက်ဘက်နားက ရွာတွေကပဲ အမျိုးသားလူငယ် ၅ ယောက် ဆွဲထားတယ်လို့ ပြောပါတယ်။ အရှေ့ဘက်ရွာတွေရော တခြား အနီးနားရွာတွေကပါ ဆွဲထားတာတွေ ရှိပါသေးတယ်"လို့ ပြောပါတယ်။
လက်ရှိမှာ လောင်းရှည်မြို့ အနီးနားရှိ ကျေးရွာတွေမှာ စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲနေတဲ့အပြင် လောင်းရှည်မြို့နဲ့ ဆောမြို့နယ်ကြားရှိ မင်းလယ်၊ သီးကုန်း၊ တောင်ဘို့ကြီးနဲ့ ကာက စတဲ့ နေရာတွေမှာ ယာယီစခန်းငယ်တွေ ဖွင့်လှစ်တပ်စွဲထားပြီး ဆောနယ်မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့အတွက် ဆောမြို့နယ်မှ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကို ဆောမြို့နယ် ရဲစခန်းကတဆင့် စာရင်းကောက်ယူကာ နေရပ်သို့ ပြန်လာဖို့ ခြိမ်းခြောက် စည်းရုံးနေပါတယ်လို့ ဆောမြို့ခံက ပြောပါတယ်။
“ဆောမြို့နယ်က စစ်ဘေးရှောင်နေရတဲ့ ရွာခံတွေကို ဆောမြို့ပေါ်က ရဲစခန်းကနေ စာရင်းကောက်နေပါတယ်။ ‘ရွာကို ပြန်နေကြပါ၊ ကိုယ့်ရွာကို ပြန်နေကြ၊ မနေရင် မီးရှို့မယ်’ ဆိုတာအထိ ခြိမ်းခြောက်ပြီးတော့မှ ‘ခုရွာကို ပြန်နေမယ်ဆိုရင် သတင်းလာပေး၊ ဒီမှာ မင်းတို့ကို ဘာမှမလုပ်ဘူး၊ အေးအေးဆေးဆေးပဲ နေခွင့်ပေးမယ်’ ဆိုပြီး စည်းရုံးနေတာတွေ ရှိပါတယ်။ စစ်ဘေးရှောင် အများစုကတော့ ပြန်မနေကြပါဘူး၊ စာရင်းလည်း သွားမပေးကြပါဘူး"
စစ်တပ်က ကပစ (၂၅) မှတဆင့် ကန်ပက်လက်ဘက်သို့ လည်းကောင်း၊ ကပစ (၂၄) မှတဆင့် မင်းတပ်ဘက်သို့ လည်းကောင်း ထိုးစစ်ဆင်ဖို့ စစ်အင်အား ပြင်ဆင်နေပြီး မင်းတပ်ဘက်မှ တက်လာမဲ့ စစ်ကြောင်းကတော့ ယောဒေသဘက်မှ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဆိုင်ထားပြီး ဖြစ်ကြောင်း ယောဒေသ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
လောင်းရှည်မြို့ ကပစ (၂၅) အတွင်းသို့ ရောက်ရှိလာတဲ့ စစ်ကူတွေမှာ ဒုံးပစ်ယာဉ်တွေပါ ပါဝင်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိအပြည့်နဲ့ နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေးနှိုးဆော်ထားပါတယ်။











