
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် သဖန်းဆိပ်ဆည်ရေ ပိုလွှဲကနေ ရေအများအပြား လွှတ်ချလိုက်တဲ့အတွက် ရွှေဘိုခရိုင်အတွင်းက မူးမြစ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ခရိုင်အတွင်းက မြို့နယ်တွေနဲ့ ကျေးရွာအများအပြားမှာ ရေဘေးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာ တခြားမြို့နယ်တွေနဲ့ ကျေးရွာတွေမှာ ရေပြန်ကျသွားပြီဖြစ်ပေမဲ့ ခင်ဦးမြို့နယ်က ကျွန်းတောကြီးနဲ့ ကျွန်းတောလေးကျေးရွာမှာတော့ ရေလုံးဝ မကျသေးသလို နေအိမ်တွေအပြင် စပါးခင်းတွေနဲ့ တခြားသီးနှံစိုက်ခင်းတွေပါ ရေနစ်မြုပ်နေဆဲဖြစ်တဲ့အတွက် ဒေသခံတွေနဲ့ တောင်သူတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လယ်သမားတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်ထဲက ကျေးရွာပေါင်း ၂၀ ကျော်ဟာ ရေဘေးသင့်ခဲ့တာဖြစ်ပြီး ကျွန်းတောကြီးနဲ့ ကျွန်းတောလေးရွာဟာ ရေဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားနေရကာ ရွာထဲမှာ ရေတွေတင်နေဆဲဖြစ်သလို လယ်ဧက ၅၀ နဲ့ ယာဧက ၁၀၀ လောက်ဟာလည်း ရေနစ်မြုပ်နေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် အိမ်ထောင်စု ၂၀၀ နဲ့ လူဦးရေ ၁,၅၀၀ လောက်ဟာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်မလုပ်နိုင်သေးဘဲ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့အပြင် ကူညီကယ်ဆယ်ရေး အဖွဲ့တွေလည်း မလာရောက်နိုင်တဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရေကလည်း အခုထိ မကျသေးဘူး။ ဒုက္ခတွေလည်း အတော်ကို ရောက်နေတယ်။ အကူအညီကလည်း မလာဘူး။ အခုချိန်ထိ လယ်တွေယာတွေက ရေပြင်ကြီး ဖြစ်နေတာ။ လယ်က ဧက ၅၀ ကျော်တယ်။ ယာတွေက ၁၀၀ လောက်ရှိမှာ။ ဒီနှစ်တော့ ဘယ်လိုမှ ပြန်စိုက်နိုင်မှာ မဟုတ်ဘူး။ ရေနစ်နေတော့ ဘာအလုပ်အကိုင်မှ မရှိဘူး။ အကူအညီကလည်း မလာနိုင်လို့ တော်တော်ကို ဒုက္ခရောက်နေတယ်” လို့ ပြောပြပါတယ်။
သဖန်းဆိပ်ဆည်ကနေ ရေတွေလွှတ်ချလိုက်တာကြောင့် မူးမြစ်ကမ်းဘေးက ကျေးရွာ အများအပြားဟာ ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်ကနေ ၁၂ ရက်အထိ တပတ်ကြာ ရေဘေးကြုံတွေ့ခဲ့ရတာပါ။
အလားတူ ရွှေဘိုမြို့နယ်အနောက်မြောက်ခြမ်းမှာလည်း ကျေးရွာပေါင်း ၂၀ လောက် ရေဘေးကြုံတွေ့ခဲ့ရပြီး အဲဒီဒေသတွေမှာ ရေကြီးရေလျှံမှုဒဏ်ကို အဆိုးဝါးဆုံး ခံစားခဲ့ရပြီး လယ်ယာသုံးစက်ပစ္စည်းတွေ ရေနစ်မြုပ်ဆုံးရှုံးခဲ့ပါတယ်။
သီးနှံမျိုးစေ့တွေ ရေထဲမျောပါသွားတဲ့အတွက် စပါးနဲ့ တခြားသီးနှံတွေ ပြန်လည်စိုက်ပျိုးဖို့ မလွယ်ကူတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တောင်သူတယောက်က “လယ်တွေကတော့ အကုန်နစ်တာ၊ ပျိုးခင်းတွေလည်းနစ်တယ်။ ငရုတ်၊ ခရမ်းနဲ့ အခြားသီးနှံပျိုးထုပ်တွေကတော့ အကုန်မျောသွားတယ်။ စပါးပျိုးခင်းတွေ အပျက်များတယ်။ ပျိုးထောင်ချိန်ကနောက်ကျနေလို့ ကြဲစာပဲ ကြဲရမှာ။ နဂိုကတော့ ကိုယ့်ဟာနဲ့ကိုယ် အကိုက်လုပ်ထားတာ၊ ရုတ်တရက်ရေကြီးလာတော့ စပါးတွေရော၊ မျိုးစေ့ထုပ်တွေပါ မျောသွားတယ်။ စိုက်ပျိုးစရိတ်ကလည်း မလုံလောက်ဘူး။ အလုပ်သမားတွေကျတော့လည်း အလုပ်မလုပ်ရဘူး။ ဒါပေမယ့် လယ်ခင်းယာခင်းတွေကို ဒီအတိုင်း ပစ်ထားလို့မရတော့ နီးစပ်ရာတွေဆီက ချေးငှားရှာကြံပြီး စိုက်ရမှာပါ” လို့ ပြောပါတယ်။
မူးမြစ်ရေကြီးရေလျှံလို့ ရွှေဘိုခရိုင်အတွင်းက မူးမြစ်ကမ်းဘေးကျေးရွာတွေမှာ ရေဘေးသင့်ဒဏ်ကို အဆိုးဝါးဆုံး ကြုံတွေ့နေရပေမဲ့ စစ်တပ်က အဲဒီဒေသတွေဆီ ရေဘေးအကူအညီတွေ မရောက်စေဖို့ နည်းမျိုးစုံနဲ့ ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေဘေးသင့်ဒေသကိုသွားမဲ့ ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေကိုလည်း စောင့်ကြည့်ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











