
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ နေရွှေဝင်း အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းဖို့ ကြိုးစားတဲ့ ခေါင်းဆောင်တွေနဲ့ ထောက်ခံတောင်းဆိုပေးတဲ့ အလုပ်သမား ၁၀၀ ကျော်ကို စက်ရုံက တပြိုင်နက်တည်း အလုပ်ထုတ်လိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ သာမန် လုပ်သားလျှော့ချတာ မဟုတ်ဘဲ သမဂ္ဂကို တမင်သက်သက် ဖြိုခွဲတဲ့လုပ်ရပ် ဖြစ်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
မေ ၉ ရက်က နေရွှေဝင်း အထည်ချုပ်စက်ရုံဟာ ကုန်ကြမ်းနဲ့ အော်ဒါနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမဂ္ဂခေါင်းဆောင်တွေ ပါဝင်တဲ့ အလုပ်သမား ၁၉ ယောက်ကို စတင် အလုပ်ထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ နေရွှေဝင်း စက်ရုံက အလုပ်သမား ရာချီဟာ သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ပြန်ခန့်ပေးဖို့ မေ ၁၁ ရက်က စက်ရုံဝန်းထဲမှာ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြပါတယ်။
စက်ရုံဘက်ကတော့ တောင်းဆိုချက်ကို မလိုက်လျောတဲ့အပြင် ဆန္ဒပြသူတွေကိုပါ လုပ်ငန်းခွင် မဝင် လိုတဲ့ ဝန်ထမ်းတွေလို့ သတ်မှတ်ပြီး အလုပ်သမား ၁၀၃ ယောက်ကို မေ ၁၂ ရက်မှာ အလုပ်ကနေ ထပ်မံထုတ်ပယ်လိုက်ပါတယ်။
အလုပ်ထုတ်ခံရသူတွေထဲမှာ လုပ်သက် ၈ နှစ်နီးပါး ရှိတဲ့ အလုပ်သမားတွေလည်း ပါဝင်နေပြီး ဒါဟာ သမဂ္ဂအဖွဲ့အစည်းကို ဖျက်ထုတ်ချင်တာ ဖြစ်တယ်လို့ အလုပ်ထုတ်ခံခဲ့ရတဲ့ နေရွှေဝင်း အထည်ချုပ် အခြေခံအလုပ်သမား အဖွဲ့အစည်း ၂ ဥက္ကဋ္ဌ ကိုငြိမ်းချမ်းအောင်က ပြောပါတယ်။
“ကျနော်တို့ကို အကြောင်းကြားခြင်း လုံးဝမရှိဘူးခင်ဗျ။ Notice ကို ကြည့်ပြီးတော့မှ အလုပ်ထုတ်ခံ ရမှန်း သိရတာပါခင်ဗျ။ စက်ရုံမှာကတော့ ကုန်ကြမ်းကလည်း အပြည့်အစုံရှိတယ်၊ Order ကလည်း အပြည့်အစုံရှိတယ်၊ ဒါပေမဲ့ ကျနော်တို့ကို အကြောင်းပြချက် အဲလိုမျိုးပေးပြီး ထုတ်တာပါခင်ဗျ။ ဒီလိုမျိုး အလုပ်ထုတ်တာက ကျနော်တို့ကို လူသားချင်းစာနာမှု မရှိတာပေါ့၊ နောက်ပြီးတော့ အလုပ်သမားချင်း စာနာမှု မရှိတာပေါ့ခင်ဗျ။ ကျနော်တို့နိုင်ငံရဲ့ အခြေအနေနဲ့ ဒီလိုအချိန်မျိုးမှာ အလုပ်မရှိတဲ့ သူတယောက်အတွက် ရပ်တည်ဖို့ ခက်ခဲတယ် ဆိုတာကို သူတို့ တွေးမပေးတာပေါ့၊ ကျနော်တို့ရဲ့ အချိန်တွေ၊ ကျနော်တို့ရဲ့ ငွေကြေးတွေ အကုန်လုံးက စိုက်ထုတ်ပြီးတော့ အားစိုက် ထုတ်နေတဲ့ Union အဖွဲ့အစည်းကို ဖျက်ထုတ်ချင်တဲ့အတွက် အလုပ်ထုတ်တာ ဖြစ်တဲ့အတွက် စိတ်မကောင်းလည်း ဖြစ်မိတယ်။”
နေရွှေဝင်းအထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ မတ် ၂၃ ရက် ကတည်းက သမဂ္ဂဖွဲ့ဖို့ မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အ.လ.ည) ကို ဖောင်တင်ခဲ့ပါတယ်။
ဒါပေမဲ့ ဌာနဘက်က အသိအမှတ်ပြု ပုံစံ ၆ မချပေးတဲ့အပြင် အလုပ်သမားစာရင်းကို စက်ရုံဆီ ပေါက်ကြားစေခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် (STUM) တာဝန်ရှိသူတယောက်က ပြောပါတယ်။
အခုလို အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်တာက သာမန်လူလျှော့တာမဟုတ်ဘဲ သမဂ္ဂဖြိုခွဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။
STUM အဖွဲ့ တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေးက “သမဂ္ဂကို ဖြိုခွဲတဲ့ စာရင်းထဲမှာ နံပါတ်တစ် ထည့်ရမယ် ဆိုရင်တော့ ရွှေပြည်သာ အ.လ.ည ဦးစီးကလည်း ထိပ်ဆုံးကနေ ပါပါလိမ့်မယ်။ ပြီးတော့ HR တို့၊ စက်ရုံမှူးတို့ တန်းစီပြီးတော့ သွားပါလိမ့်မယ်။ အခုဆိုရင်တော့ လုပ်ငန်းခွင်ထဲမှာ သမဂ္ဂ EC ဆိုလို့ တယောက်မှ မရှိတော့ဘူး။ အကုန်လုံး အပြင်ကို အလုပ်အထုတ်ခံလိုက်ရပြီပေါ့။ ဒီဘက်က အလုပ်သမားတွေက ကျတော့လည်း တရားဝင် အ.လ.ည (အလုပ်သမားညွှန်ကြားမှုဦးစီးဌာန) ကို သမဂ္ဂဖြိုခွဲတဲ့ HR နဲ့ လုပ်ငန်းရှင်ကို အရေးယူပေးပါဆိုပြီး တိုင်တာရှိတယ်။ နောက်တခုက ဒီအလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက မူလနေရာမှာ ပြန်ပြီးတော့ ဝင်ဖို့အတွက် တိုင်တာရှိတယ်။ တောင်းဆိုနေစဉ်ကာလမှာ နှစ်ဖက်အငြင်းပွားနေစဉ်ကာလမှာ အလုပ်ထုတ်လို့မရဘူး၊ သမဂ္ဂ ဖွဲ့နေတဲ့လူတွေကို ဟန့်တားနှောင့်ယှက်လို့မရဘူး၊ အလုပ်ထုတ်လို့မရဘူး ဆိုတာကို သမဂ္ဂက လာခဲ့တဲ့ HR တယောက်အနေနဲ့ ဒါတွေ ကောင်းကောင်း နားလည်လိမ့်မယ်လို့ ကျမ ထင်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ အလုပ်ထုတ်ခံရတဲ့သူတွေထဲက လျော်ကြေးယူတာ၊ လုပ်ငန်းခွင်ပြန်ဝင်တာ တချို့ရှိပေမဲ့ ကျန်ရှိနေသေးတဲ့ အလုပ်သမား ၉၀ ကျော်ဟာ လုပ်ငန်းခွင်ထဲ ပြန်လည် ဝင်ရောက်ခွင့် ရဖို့ ရွှေပြည်သာမြို့နယ် အလုပ်သမားဦးစီးဌာနမှာ တရားဝင် တိုင်ကြားထားပေမဲ့ ခုချိန်ထိ ပြေလည်အောင် မဖြေရှင်းနိုင်သေးဘူးလို့ သိရပါတယ်။
နေရွှေဝင်း စက်ရုံဟာ အလုပ်သမား ၇၀၀ နီးပါးနဲ့ လည်ပတ်နေပြီး နိုင်ငံတကာ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာဖြစ်လို့ ပြေလည်အောင် မဖြေရှင်းပေးရင် သက်ဆိုင်ရာ Brand တွေဆီ ဆက်လက် တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း အခုလို အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ အလုပ်ထုတ်တာဟာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ပြဋ္ဌာန်းချက်အမှတ် ၈၇ (အသင်းအပင်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်) ကို ချိုးဖောက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။
ကေခိုင်










