
တယ်လီနောရဲ့ ရုံးချုပ်ကို နော်ဝေအာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေတဲ့အပေါ် စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ဖိအားတွေ ဖြစ်ပေါ်လာနိုင်ပြီး သတိပေး ခေါင်းလောင်းသံ ဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက မှတ်ချက်ပြုထားပါတယ်၊
တယ်လီနောဟာ မြန်မာစစ်အုပ်စုဆီကို သုံးစွဲသူပြည်သူတွေရဲ့ ဖုန်းအင်တာနက် အချက်အလက် ဒေတာတွေကို စနစ်တကျ လွှဲပြောင်းပေးခဲ့တာကြောင့် အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်မှုမှာ ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပြင် တခြားသော ချိုးဖောက်မှုတွေကြောင့် စက်တင်ဘာ ၁၅ ရက်မှာ နော်ဝေနိုင်ငံ အော်စလိုမြို့မှာရှိတဲ့ တယ်လီနောရုံးချုပ်ကို နော်ဝေရဲတပ်ဖွဲ့ကနေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အခုလို နော်ဝေရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ လက်ရှိ စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ Telecommunication ကုမ္ပဏီတွေ၊ စပ်ဆက်တဲ့ အစုအဖွဲ့တွေအပေါ် သတိပေးခေါင်းလောင်းသံ ဖြစ်ကြောင်း Myanmar Internet Project က ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်က မှတ်ချက်ပြုပါတယ်။
“လောလောဆယ် တယ်လီကွန်းနဲ့ အင်တာနက် sector ကိုပြန်ကြည့်လို့ရင် စစ်တပ်၊ စစ်တပ်အုပ်စုနဲ့ နီးစပ်တဲ့ လူတွေရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတဲ့ အခြေအနေမျိုး တွေ့ရတယ်ပေါ့။ အဲဒီဟာက ကျနော်တို့ စိုးရိမ်စရာ ပိုကောင်းတဲ့ အခြေအနေ၊ လူတွေပေါ်မှာ ရာဇဝတ်မှုကျူးလွန်ဖို့အတွက် ပိုပြီးတော့ အန္တရာယ်ရှိတဲ့ အခြေအနေရှိတယ်လို့ ကျနော်တို့ technical နည်းအရ သုံးသပ်လို့ ရတယ်ပေါ့နော်။ တာဝန်ယူ တာဝန်ခံပြီးတော့ ရင်ဆိုင်ဖြေရှင်းရ မယ်ဆိုတဲ့ဟာတခုတော့ ဒါ ပြည်တွင်းကရော နိုင်ငံတကာမှာ ရှိနေတဲ့ ဆက်သွယ်ရေးနဲ့ digital နဲ့ ပတ်သက်တဲ့ ဟာတွေပေါ်မှာတော့ ဒါ တရားဥပဒေစိုးမိုးရေးဆိုင်ရာနဲ့ တရားမျှတမှုဆိုင်ရာ ခေါင်းလောင်းထိုးပေးလိုက်တယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။”
တယ်လီနော မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ပြင်ဆင်ခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်ကတည်းက အရပ်ဘက် အဖွဲ့အစည်းတွေက သုံးစွဲသူတွေရဲ့ အချက်အလက်တွေ မလွှဲပြောင်းဖို့နဲ့ လုပ်ငန်းရောင်းချမှုကို တားဆီးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အခုဖြစ်စဉ်ကတော့ အဲဒီကာလက လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး နော်ဝေ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု စတင်လာတာလို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ကလည်း ဆိုပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ နွေဦးလီလီ က “ဒါသည် နိုင်ငံတကာ ကော်ပိုရေးရှင်းတခုရဲ့ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုမဲ့စွာ လုပ်သွားတဲ့ ကိစ္စအပေါ်မှာ တရားမျှတမှုနဲ့ တာဝန်ခံမှုကို ဖော်ဆောင်နိုင်ဖို့အတွက် အစပြုလာပြီလို့ ပြောလို့ရမယ် ထင်ပါတယ်။ တယ်လီနောကနေ သုံးစွဲသူတွေရဲ့ အချက်အလက် အားလုံးကို လွှဲပေးလိုက်တဲ့အပြင် အရေးကြီးတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ စစ်အုပ်စုကို ပြန်ပီးတော့ မတရားမှုကို တုံ့ပြန်တဲ့ သူတွေကို ဖမ်းဆီးသတ်ဖြတ် နှိပ်စက်ဖို့အတွက်၊ မုဒိမ်းကျင့်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကိုပါ ပေးလိုက်တယ်ဆိုတဲ့ဟာ သက်သေအထောက်အထားနဲ့တကွ ရှိနေတဲ့အတွက်ကြောင့် ဒီကိစ္စတွေ ဖြစ်လာတယ်လို့ မြင်ပါတယ်။ ဒီဟာသည် တခြားကုမ္ပဏီတွေအတွက်ကိုလည်း သတိပြုစရာ ဖြစ်ပါတယ်။ ဒီလို တရားမျှတမှုဆိုင်ရာ အရေးယူမှုတွေ ရင်ဆိုင်ရမယ်လို့ ပြောချင်ပါတယ် သတိပေးချင်ပါတယ်” လို့ ပြောပါတယ်။
တယ်လီနောရဲ့ မြန်မာနိုင်ငံအတွင်းက ချိုးဖောက်မှုတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ Justice For Myanmar (JFM) နဲ့ ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့ဆီကို သက်သေအထောက်အထားတွေနဲ့ တိုင်ကြားခဲ့တာဖြစ်ပါတယ်၊
တိုင်ကြားမှုမှာ ဦးဆောင်ခဲ့တဲ့ Justice For Myanmar ရဲ့ တာဝန်ရှိသူ မရတနာမောင်က တယ်လီနောရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်တဲ့ သက်သေအထောက်အများကို ရဲတပ်ဖွဲ့ဆီ ပေးပို့ထားခဲ့တာဖြစ်ပြီး တယ်လီနောရဲ့ သုံးစွဲသူဒေတာတွေ စစ်တပ်ဆီပေးပို့မှုကြောင့် လူအများအပြား ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရတာကြောင့် တယ်လီနောက အပြည့်အဝ တာဝန်ခံစေဖို့ ရည်ရွယ်ကြောင်း ပြောဆိုထားပါတယ်။
“နော်ဝေရဲတပ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar က ကြိုဆိုပါတယ်။ တယ်လီနောက တရားမဝင်စစ်အုပ်စုဆီ ထောက်လှမ်းရေးဆော့ဝဲလ် လွှဲပြောင်းပေးခဲ့တာနဲ့၊ အရေးကြီးပြီး ထိရှလွယ်တဲ့ အချက်အလက်တွေ မျှဝေပေးခဲ့တာတွေကို သက်သေခံ ဖော်ပြနိုင်မဲ့ အထောက်အထား မှတ်တမ်း အများအပြားကိုလည်း ရဲတပ်ဖွဲ့ထံ ပေးပို့ထားပြီး ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို သိလျက်နဲ့ စစ်အုပ်စုဆီ ပေးအပ်ခဲ့ခြင်းကတဆင့် စစ်အုပ်စုရဲ့ မတရားဖမ်းဆီးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ ကွပ်မျက်မှုတွေကို အားပေးကူညီခဲ့တာတွေ အပါအဝင်၊ မြန်မာပြည်သူတွေအပေါ် ဖြစ်ပေါ်စေခဲ့တဲ့ ထိခိုက်နစ်နာမှုတွေအတွက် တယ်လီနောကို အပြည့်အဝ တာဝန်ခံစေရမှာ ဖြစ်ပါတယ်။”
ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ် က “ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အရ လူ့အခွင့်ရေးဟာတွေက လူတယောက် ထိခိုက်နစ်နာနေမှုရှိနေရင်လည်း လူတယောက် ထိခိုက်နစ်နာမှုအတွက်ကို ကျနော်တို့က တရားမျှတမှုကို ရှာဖွေရမှာပဲ ဖြစ်တယ်ပေါ့နော်။ အခုကတော့ လူ ၁,၃၀၀ ဆိုတာ ဒါ ကျနော်တို့က စာရင်းဇယားနဲ့ အတိအကျ ပြောနိုင်တာပေါ့။ ဆိုတော့ ဒီထက်မကတဲ့ အခြေအနေတွေ အများကြီး ရှိနိုင်တယ်။ တချိန်မှာ ဒီထက်ပိုတဲ့ case တွေလည်း အများကြီး ထွက်လာနိုင်စရာ ရှိတယ်ပေါ့။ အဲဒီတော့ ကျနော်တို့ ဒီကိစ္စက အရေအတွက်နဲ့ ပမာဏပေါ်မှာ စဉ်းစားပြီး ဆုံးဖြတ်ရတဲ့ဟာမျိုး မဟုတ်ဘူး၊ လူ့အခွင့်အရေးအရ digital right နဲ့ ဂုဏ်သိက္ခာနဲ့ စံနှုန်းတွေပေါ်မှာပဲ စဉ်းစားတဲ့ဟာမျိုး တခုဖြစ်တယ်” လို့ ပြောပါတယ်။
တယ်လီနောဟာ မြန်မာစစ်အုပ်စုဆီ သုံးစွဲသူတွေရဲ့ဖုန်းနဲ့ အင်တာနက်အသုံးပြုမှုဆိုင်ရာ အချက်အလက်တွေ လွှဲပြောင်းပေးခဲ့တာကြောင့် အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပူးပေါင်းကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းခံနေရတာ ဖြစ်တယ်။
ဒါ့အပြင် မြန်မာနိုင်ငံကနေ ထွက်ခွာချိန်မှာ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကြားဖြတ်စောင့်ကြည့်ရေးစနစ် Lawful Interception Gateway-LIG ပစ္စည်းတွေကို လွှဲပြောင်းရောင်းချခဲ့မှုက နော်ဝေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဥပဒေကို ချိုးဖောက်မှု ရှိ၊ မရှိကိုလည်း စုံစမ်းနေကြောင်း နော်ဝေရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။











