
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကွန်းတောင်ရွာပတ်ဝန်းကျင်၊ ကျောက်တော်မြို့နယ်က စကခ-၉ တပ်မနဲ့ အနီးဝန်းကျင်၊ ခမရ ၃၇၆ တပ်ရင်းတို့ကို အောက်တိုဘာ ၆ ရက် ညပိုင်း၊ အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ လေယာဉ်အုပ်စုလိုက်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကို အောက်တိုဘာ ၆ ရက် ည ၇ နာရီခွဲလောက်မှာ ဂျက်တိုက်လေယာဉ် ၃ စင်း ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကွန်းတောင်ကျေးရွာနဲ့ ပတ်ဝန်းကျင်တွေကို မနေ့ညက လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ရှိတယ်။ ပြည်သူတွေကတော့ စစ်ရှောင်နေကြရတာ လူအထိအခိုက်တော့ မရှိနိုင်ဘူး။ အိမ်တွေ ထိခိုက်ပျက်စီးမှုကတော့ ရှိတယ်လို့ သိရတယ်။ လေယာဉ်တွေက နေ့တိုင်း တိုက်ခိုက်မှုလုပ်နေတော့ သတိကြီးကြီးထားပြီးတော့ လုံခြုံနိုင်မဲ့ နေရာတွေမှာပဲ ဝင်နေကြရတယ်”
ကွန်းတောင်ကျေးရွာဟာ စစ်အာဏာရှင်တပ်က ခြေကုပ်ရရှိနိုင်ဖို့ အပြန်အထန်ထိုးစစ်ဆင်နေတဲ့ ကျေးရွာဖြစ်ပြီး လက်ရှိမှာ အာရက္ခတပ်တော်က ထိန်းချုပ်ထားတဲ့ကျေးရွာဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်အာဏာရှင်တပ်က ကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်တွေကို နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်လို့ သောင်းနဲ့ချီတဲ့ဒေသခံတွေ၊ စစ်ဘေးရှောင်တွေဟာ ထပ်မံပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၇ ရက် ဒီမနက် ၁ နာရီခွဲကနေ ၃ နာရီအထိ ကျောက်တော်မြို့က စစ်အာဏာရှင်တပ်အခြေစိုက်ခဲ့တဲ့ စကခ-၉ ဌာနချုပ်ဟောင်း၊ အနီးပတ်ဝန်းကျင်စိုက်ခင်းတွေနဲ့ ခမရ- ၃၇၆ တပ်ရင်းတို့ကို ဂျက်ဖိုက်တာ ၂ စင်း၊ Y-12 ၁ စင်းနဲ့ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်တော်ဒေသခံ အမျိုးသားတယောက်က ကပြောပါတယ်။
“ကျောက်တော် တပ်မနဲ့အနီးအနားက စိုက်ခင်းတခုရယ်၊ ခမရ ၃၇၆ တပ်ရင်းတွေကို ဒီနေ့မနက် လေယာဉ်အုပ်စုလိုက်နဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာရှိတယ်။ တပ်တွင်းနေရာဆိုတော့ အထိအခိုက် မသိရဘူး။ ညအချိန်ကြီး လူအိပ်ချိန်ဆိုတော့ ဒေသခံတွေက အားလုံး ကြောက်ကြောက်လန့်လန့်နဲ့ နိုးလာကြတာ။ ကျောက်တော်မြို့နယ်တခုလုံး ဗုံးဒဏ်သင့်နေပြီ။ ညတညကို ဖြတ်သန်းကြရမှာတောင် လူတွေက ကြောက်နေကြပြီ။”
အောက်တိုဘာ ၅ ရက် ည ၉ နာရီကျော်ကလည်း ကျောက်တော်မြို့တောင်ဘက် ချောင်းတူကျေးရွာအနီးက စစ်သုံ့ပန်းတွေထားတဲ့ အကျဉ်းထောင်ကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၄ စင်း၊ Y-12 တစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အောက်တိုဘာ ၆ ရက် မနက်ပိုင်းမှာလည်း တောင်ကုတ်မြို့က စကခ-၅ ဌာနချုပ်ဟောင်းနဲ့ လက်အောက်ခံ တပ်ရင်းဌာနချုပ်ဟောင်းတွေကို လေယာဉ်အုပ်စုလိုက်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဗုံးသံကြောင့် တောင်ကုတ်မြို့ခံ ၂ ယောက် နှလုံးအမောဖောက် သေဆုံးခဲ့ကြပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်ရရှိနိုင်ဖို့အတွက် မြေပြင်ထိုးစစ်တွေဆင်နေသလို လေကြောင်းကနေလည်း မြို့၊ရွာတွေနဲ့ စစ်ရှောင်စခန်းတွေ၊ စစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်ဟောင်းတွေကို နေ့စဉ်ရက်ဆက်လေကြောင်းဗုံးကြဲပြီး စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ် စစ်မျက်နှာမှာ စစ်အာဏာရှင်တပ်က အင်းအားထောင်နဲ့ချီ ထပ်မံဖြည့်တင်းပြီး ဒုတိယအကြိမ် ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ပုဏ္ဏားကျွန်းထိုးစစ် စစ်ဦးကျိုးသွားခဲ့ပြီးနောက် အောက်တိုဘာလဆန်းပိုင်းမှာ အင်အားထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီက အင်အားတွေ ထောင်ချီဖြည့်တင်းပြီးတော့ ထပ်မံထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာ။ သူတို့က ပြည်သူစစ်တွေကို အသေခံခိုင်းပြီးတော့ လူအားနဲ့ ထိုးစစ်ဆင်နေတာ။ အခုလည်း ဝါဘိုရွာနဲ့ အမြင့်ကျွန်းတံတား တောက်လျှောက်ကို ထိတွေတိုက်ပွဲဖြစ်နေကြတာ။ စစ်တပ်က ဒုတိယအကြိမ်ပြန်ပြီး ထိုးစစ်ဆင်နေတာရှိတယ်။ သေဆုံးတာတွေလည်း အများကြီးပဲ။ ဒါပေမဲ့ အင်အားတွေ ချက်ချင်းပြန်ဖြည့်ပြီး လေကြောင်းပစ်ကူတွေ ယူပြီးတော့ စစ်ကြောင်း ထပ်ထိုးနေတာ။”
အောက်တိုဘာ ၄ ရက်ကစတင်ကာ ၆ ရက်နေ့ညနေပိုင်းအထိ ဝါဘိုကျေးရွာအနီးနဲ့ မင်းချောင်းတံတားအနီးတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပြီး စစ်အာဏာရှင်တပ်က လေကြောင်းပစ်ကူတွေ တရစပ်ပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးကို တပ်မ ၆၆ ၊ တပ်မ ၁၀၁ တို့ ထုတ်နုတ်အင်အားတွေ၊ နပခ လက်အောက်ခံတပ်တွေရဲ့ ထုတ်နုတ်အင်အားတွေနဲ့ ပြည်သူစစ်တွေ ပူးပေါင်းကာ အင်အားထောင်ချီသုံးပြီး ပုဏ္ဏားကျွန်းမြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ အာရက္ခတပ်တော်ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေကြောင့် တပ်ရင်းမှူး အဆင့်တွေ သေဆုံးကာ စစ်ဦးကျိုးပြီး ပြန်ဆုတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ရခိုင်စစ်ရေး အကဲခတ်တယောက်က “ရခိုင်စစ်မျက်နှာဟာ စစ်တပ်အတွက် ဂုဏ်သိက္ခာကို ရင်းပြီး တိုက်နေရတဲ့ တိုက်ပွဲဗျာ။ AA အတွက်လည်း လူမျိုးတခုလုံးရဲ့ အနာဂတ်နဲ့ ရင်းပြီးတိုက်နေကြရတာ။ နှစ်ဖက်လုံးအတွက် အရမ်းအရေးကြီးတဲ့ အနေအထားမှာရှိတယ်။ စစ်တပ်ဘက်ကတော့ ရခိုင်ပြည်က ဆုံးရှုံးမြို့နယ်တွေကို ရသလောက် ပြန်ယူချင်မှာပဲ။ အဲဒီအတွက် အင်အားသုံး ထိုးစစ်ဆင်လာနိုင်လို့ ရခိုင်ပြည်က စစ်မျက်နှာတွေမှာ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာဖို့ပဲရှိတယ်” လို့ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ ထိုးစစ်ကြီးနဲ့ အတူ စစ်တွေ၊ ကျောက်ဖြူ စစ်မျက်တွေမှာ စစ်ကြောင်းထိုး လှုပ်ရှားမှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်ရရှိနိုင်ဖို့ စစ်တွေ၊ ကျောက်ဖြူ၊ ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ ချင်းပြည်တောင်ပိုင်းတို့ကနေ ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။











