
စစ်အာဏာရှင်မင်းအောင်လှိုင် သမ္မတရာထူးလက်ခံပြီး၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်ချုပ်ဖြစ်လာပြီးနောက် ၆ လအတွင်း နိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၇ ကြိမ် ထက်မနည်းရှိခဲ့ပြီး အရပ်သား ၁၇၃ ယောက် သေဆုံးခဲ့တယ်လို့ ISP Myanmar က အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီထဲမှာ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ၁၁၁ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး သေဆုံးသူအများစုဖြစ်တဲ့ ၆၄ ယောက်က ရခိုင်ပြည်နယ်ကဖြစ်ပါတယ်။
တခြား ဖြစ်စဉ်တချို့အနေနဲ့ ၂၀၂၆ ခုနှစ် မေလတုန်းက မကွေးတိုင်း၊ မြစ်ခြေမြို့မှာ စစ်တပ် စစ်ကြောင်းဝင်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်လို့ အယောက် ၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှာတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို စစ်တပ်က ဗုံးကြဲလို့ အယောက် ၅၀ သေဆုံး၊ ၆၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ၅ နှစ်ကျော်ကာလအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား ၂,၃၂၄ ယောက် သေဆုံးခဲ့တယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ISP Myanmar လွတ်လပ်တဲ့ မူဝါဒဆန်းစစ်လေ့လာရေးအဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ တရုတ်နိုင်ငံဆိုင်ရာ ကိစ္စတွေကို အထူးပြုလေ့လာပါတယ်။











