
ဘရာဇီးနိုင်ငံ၊ ကူရီတီဘာမြို့က ဆာအိုဘရက်ဇ်ရပ်ကွက်မှာရှိတဲ့ CMEI မြို့နယ်မူကြိုကျောင်းမှာ ကလေးငယ် ၁၃ ယောက်ကို ဓားစာခံအဖြစ် ၃ နာရီကျော်ကြာ ဖမ်းဆီးထားတဲ့ ဓားကိုင်သမား တယောက်ကို ၂ နာရီကျော်ကြာ ညှိနှိုင်းမှု မအောင်မြင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းလိုက်တယ်လို့ အောက်တိုဘာ ၉ ရက်မှာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဓားတချောင်းနဲ့ ဓာတ်ဆီပုံးတပုံး ကိုင်ဆောင်ပြီး ကျောင်းထဲဝင်လာတဲ့ လူတယောက်ဟာ စာသင်ခန်းထဲ ဓာတ်ဆီတွေဖြန်းပြီး မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။
ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ကလေးတယောက်ရဲ့ အဘွားဖြစ်သူ နာဒီရာဒိုပရာဒိုဆီဇာကလည်း အဲဒီလူဟာ ကလေးတယောက်ကို ဓားနဲ့ထောက်ထားပြီး ဆရာမနဲ့ တခြားကလေးတွေကိုပါ ခြိမ်းခြောက်နေခဲ့တာလို့ ပြောပြပါတယ်။
ကလေးများနေ့ ပွဲတော်အတွက် ဝတ်စုံဆန်းလေးတွေ ဝတ်ထားကြတဲ့ ကလေးတွေဟာ စာသင်ခန်းထဲမှာ အတော်ကြောက်လန့်ကာ ငိုနေခဲ့ကြပြီး အိမ်သာသွားချင်လို့ တောင်းပန်တာကို လည်း မလွှတ်ပေးတဲ့အတွက် အဝတ်အစားထဲတင် အညစ်အကြေးတွေ ထွက်ကုန်ကြရပါတယ်။
ကျူးလွန်သူက ကလေးတွေကို ဆက်ပြီး ရန်မူစော်ကားနေတာကို ကြားရတဲ့အတွက် ပိုကြီးမားတဲ့ အန္တရာယ် မဖြစ်အောင် ရဲတပ်ဖွဲ့က စီးနင်းဝင်ရောက်ဖို့ ချက်ချင်းဆုံးဖြတ်ခဲ့တာလို့ အထူးစစ်ဆင်ရေးမှူး အဲလက်ဇန်းဒါး လိုပက်စ်ဒီးယက်စ်က ပြောပါတယ်။
စစဖြစ်ချင်းမှာ ကျူးလွန်သူမှာ သေနတ်ပါတယ်လို့ ထင်ခဲ့ကြပေမဲ့ စစ်ဆင်ရေးပြီးမှ သေနတ်အတု ဖြစ်နေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်း အထူးစစ်ဆင်ရေးတပ်ရင်း၊ စစ်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နဲ့ မြို့တော်လုံခြုံရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး အခင်းဖြစ်နေရာကို ပိတ်ဆို့ကာ ရဟတ်ယာဉ်ပါ အသုံးပြုခဲ့ကြပါတယ်။
အဲ့ဒီနောက် နည်းဗျူဟာ စံနှုန်းအတိုင်း စနစ်တကျ စီးနင်းဝင်ရောက်ခဲ့ကြရာ ဓားကိုင်ထားတဲ့ ကျူးလွန်သူက ကလေးတယောက်ကို လှမ်းဖမ်းဖို့ လုပ်လိုက်တာကြောင့် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၀ မိနစ်မှာ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းလိုက်တာ ဖြစ်ပါတယ်။
ကယ်ထုတ်လိုက်တဲ့ ကလေးတွေမှာတော့ ဒဏ်ရာကြီးကြီးမားမား မရခဲ့ပါဘူး။ သူတို့နဲ့ မိသားစုဝင်တွေကို ဆေးဝါးကုသမှုရော စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေပါ ပေးသွားမယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ တခြား စာသင်ခန်းတွေမှာ ရှိနေတဲ့ ကျောင်းသားတွေကိုလည်း ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
Source: Reuters











