
ဖင်လန်သမ္မတ အလက်ဇန္ဒားစတပ်ဘ်နဲ့ နော်ဝေဝန်ကြီးချုပ် ယိုးနပ်စ်ဂါးစတိုယယ်တို့က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အောက်တိုဘာ ၂၇ ရက်မှာ ဖုန်းဆက်ပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေး ခဲ့တဲ့အပေါ် ဥရောပခေါင်းဆောင်တွေကြား အမြင်ကွဲလွဲနေပါတယ်။
ဖုန်းပြောဆိုမှုဟာ မိနစ် ၉၀ ကြာမြင့်ခဲ့ပြီး ယူကရိန်းနဲ့ ကြိုတင်တိုင်ပင်ပြီး ဆောင်ရွက်ခဲ့တာလို့ ဖင်လန်နဲ့ နော်ဝေအစိုးရတွေက ပြောပါတယ်။
နိုဝင်ဘာလမှာ အဘူဒါဘီမြို့မှာ ပြုလုပ်ဖို့ရှိတဲ့ ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ ပူတင်ဆီ ကို တိုက်ရိုက်သတင်းစကားပါးဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
“စစ်ပွဲကို အဆုံးသတ်ဖို့ဆိုရင် တိုက်ရိုက်ဆွေးနွေးဖို့ လိုပါတယ်” လို့ ဖင်လန်သမ္မတ စတပ်ဘ်က ပြောပါတယ်။
ဒါပေမဲ့ ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင်က “ဖင်လန်နဲ့ နော်ဝေရဲ့ ဒီကြိုးပမ်းမှုအပေါ် ကျမ အတော်သံသယရှိတယ်။ ကျမတို့နဲ့လည်း ညှိနှိုင်းထားတာ မရှိဘူး” လို့ ဝေဖန်ပါတယ်။
ဆွီဒင်ဝန်ကြီးချုပ် အူ့လ်ဖ် ခရစ္စတာဆန်ကလည်း ဥရောပရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်တဲ့ ဆွေးနွေးမှုမျိုးဟာ အန္တရာယ်ရှိတယ်လို့ သတိပေးပါတယ်။
ဖင်လန်နဲ့ နော်ဝေ ခေါင်းဆောင်တွေကတော့ ဥရောပတခုလုံးကို ကိုယ်စားပြုပြီး ဆွေးနွေးခဲ့တာ မဟုတ်ဘူးလို့ ရှင်းပြထားပါတယ်။
အမေရိကန်အစိုးရ တဖက်တည်းသာ ရုရှားနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရှိတာမျိုး မဖြစ်သင့်ဘူးလို့ နော်ဝေဝန်ကြီးချုပ် စတိုယယ်က ပြောပါတယ်။
ဖုန်းပြောဆိုမှုအပြီး ၂ နိုင်ငံခေါင်းဆောင်တွေက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးကို ဆက်သွယ်ခဲ့ပြီး ယူကရိန်းဘက်ကလည်း ဒီကြိုးပမ်းမှုကို ကြိုဆိုခဲ့ပါတယ်။
ရုရှားအစိုးရကတော့ စစ်ပွဲကြာရှည်နေတာ ဥရောပသမဂ္ဂနဲ့ NATO အဖွဲ့ရဲ့ ထိပ်တိုက်ရင်ဆိုင်ရေး မူဝါဒတွေကြောင့် ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
Source: Reuters











