
စစ်ကိုင်းတိုင်းထဲက ဘုတလင်-စိုင်းပြင်ကားလမ်းတလျှောက်ကို စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သိန်းနဲ့ချီ စစ်ရှောင်နေရတယ်လို့ အကူအညီပေးသူတချို့က DVB ကို ပြောပါတယ်။
ဒီလ ၁၆ ရက်က အမှတ် ၁ ရွှေဘိုခရိုင်တပ်ရင်းက ဦးဆောင်ပြီး ဒီပဲယင်းမြို့နယ်ထဲက စိုင်ပြင်မြို့၊ နယ်မြေရဲစခန်းကို သိမ်းပိုက်ဖျက်ဆီးခဲ့တဲ့နောက် အခုလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာလို့ ပြောကြပါတယ်။
စိုင်ပြင်မြို့ဟာ စစ်ကိုင်းတိုင်းမြို့တော် မုံရွာရဲ့ မြောက်ဘက် မုံရွာ-ဘုတလင်-ဒီပဲယင်းလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။
လက်ရှိအချိန်မှာ စစ်ရှောင်အရေအတွက်များသလို အကူအညီတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတချို့က ပြောပါတယ်။
စစ်ရှောင်အရေးကူညီနေသူတယောက်က “ဘုတလင်ဘက်ကနေ စပြီး စစ်ကြောင်းထိုးလာတာ။ စိုင်ပြင်ကို ဦးတည်နေတာ။ ပြီးခဲ့တဲ့ရက်ပိုင်းက စိုင်ပြင်ရဲစခန်းလည်း ပါထားတာဆိုတော့ သူတို့ အဲဒီကို အင်အားပြန်ဖြည့်ချင်တာ ထင်တယ်။ ဘုတလင်-စိုင်ပြင်လမ်းတလျှောက်က ရွာတွေကတော့ အကုန်ပြေးရတာပေါ့။ စစ်ရှောင်က သိန်းဂဏန်းရှိတယ်။ ရွာတွေများတယ်။ နမခ (မုံရွာအခြေစိုက်စစ်ဌာနချုပ်) နဲ့လည်း နီးတော့ အန္တရာယ်များတာကိုး။ စစ်ရှောင်ကများတော့ လိုအပ်ချက်ကတော့ များတယ်။ တချို့ရွာတွေက ရုတ်တရက်ထွက်ပြေးရတာဆိုတော့ အကူညီတွေကတော့ လိုတာပေါ့ဗျာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ် စစ်ကြောင်းတွေက ဘုတလင်ကနေ စိုင်ပြင်မြို့ဘက်ကို ဦးတည်လာနေသလို တိမ်းရှောင်ထွက်ပြေးနေတဲ့ စစ်ရှောင်တွေနောက်ကို လိုက်ပြီး လေကြောင်းကနေ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်တချို့ သေဆုံး၊ ဒဏ်ရာရတာတွေ ရှိတယ်လို့ ကူညီပေးနေသူတချို့က ပြောပါတယ်။
စစ်အာဏာရှင်တပ်က ဘုတလင်မြို့နယ်ထဲမှာ ဖုန်းလိုင်းတွေပါ ဖြတ်တောက် စစ်ကြောင်းထိုးတာကြောင့် ဆက်သွယ်ရေးပါ အခက်အခဲရှိတယ်လို့ စစ်ရှောင်တချို့ကလည်း ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကတော့ စစ်အာဏာရှင်တပ်ဘက်က လက်လွှတ်ခဲ့ရတဲ့ စိုင်ပြင်ရဲစခန်းအပြင် နယ်မြေထိန်းချုပ် စိုးမိုးဖို့ အခုလို အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာလို့ ပြောပါတယ်။
ဘုတလင်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တယောက်က “သူတို့က မိုးတွင်းမရောက်ခင် နမခ တဝိုက်နဲ့ သူတို့စခန်းချတဲ့ နေရာတွေ တဝိုက်ကို ပိုထိန်းချုပ်ချင်တယ်။ အဓိကတော့ တော်လှန်ရေးတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ချင်တာပေါ့။ ဒါကြောင့်မို့ အခုနှစ်ဆန်းကစပြီး ကနီ၊ ယင်းမာပင်၊ ဘုတလင် အဲဒီနယ်တွေဘက်ကို အင်အားသုံးပြီး မြေပြင်စစ်ကြောင်းတွေ စထိုးလာတာ။ လေကြောင်းကနေလည်း တောက်လျှောက် ကြဲတယ်။ မိုးတွင်းမတိုင်ခင် စစ်ကိုင်းတိုင်းထဲက အဓိကနေရာတချို့ကို ပြန်ထိန်းချင်လို့ အခုလို စစ်ကြောင်းတွေ ပိုထိုးလာတာလို့ မြင်ရတယ်” လို့ ပြောပါတယ်။
ဘုတလင်မြို့နယ်လိုပဲ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာလည်း စစ်အာဏာရှင်တပ်က ပြီးခဲ့တဲ့ ဧပြီလစပြီး စစ်ကြောင်းထိုးနေသလို ကျေးရွာတချို့လည်း မီးရှို့ဖျက်ဆီးခံထားရတာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အရင်က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စစ်ကိုင်းတိုင်းထဲက ပုလဲ-ယင်းမာပင်-ဂန့်ဂေါလမ်းပိုင်း၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ စစ်အာဏာရှင်တပ်က မြေပြင်စစ်ကြောင်းထိုးနေသလို လေကြောင်းကနေ ဗုံးကြဲတာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ စစ်ရှောင်ကူညီပေးသူတချို့က ပြောပါတယ်။










