ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အီရန် လူ့အခွင့်အရေးလှုပ်ရှားသူ နာဂက်စ် မိုဟာမာဒီဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတဲ့အတွက် ဇန်ဂျန် အကျဉ်းထောင်ကနေ တီဟီရန် ဆေးရုံတခုကို ပြောင်းရွှေ့လိုက်ရပါတယ်။
ဒီနှစ်အစောပိုင်းမှာ နှလုံးရောဂါဖောက်မှုကို ၂ ကြိမ် ခံစားခဲ့ရပြီးနောက် မိုဟာမာဒီ အနေနဲ့ ထောင်ထဲမှာတင် အသက်ဆုံးရှုံးသွားနိုင်တယ်လို့ သူ့မိသားစုဝင်တွေရော၊ ထောက်ခံသူတွေကပါ သတိပေးခဲ့ကြပါတယ်။
အဲဒီနောက် မိသားစုရဲ့ အကြိမ်ကြိမ် တောင်းဆိုမှုကြောင့် “လက်ရှိ တီဟီရန်မြို့က ပါးစ်ဆေးရုံကို ရောက်နေပြီဖြစ်သလို သူ့ကိုယ်ပိုင်ဆေးအဖွဲ့နဲ့ ကုသမှုခံယူနေပြီ ဖြစ်တယ်” လို့လည်း သိရပါတယ်။
အီရန်အာဏာပိုင်တွေဘက်က ငွေကြေးပမာဏများစွာနဲ့ အာမခံတင်ခိုင်းပြီး သူ့ကို “ပြစ်ဒဏ်ဆိုင်းငံ့ခွင့်” ပေးလိုက်တာလို့ နာဂက်စ် မိုဟာမာဒီ ဖောင်ဒေးရှင်းရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်ကတည်းက မိုဟာမာဒီဟာ “နိုင်ငံတော်ဆန့်ကျင်ရေး ဝါဒဖြန့်လှုပ်ရှားမှု” နဲ့ “နိုင်ငံတော်လုံခြုံရေး ထိခိုက်အောင် ပူးပေါင်းကြံစည်မှု” ဆိုတဲ့ စွဲချက်တွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီစွပ်စွဲချက်တွေကို သူက ငြင်းဆိုထားပါတယ်။
ဒါ့အပြင် အီရန်မြောက်ပိုင်းက ဇန်ဂျန်မြို့မှာ ကျန်ရှိနေသေးတဲ့ ထောင်ဒဏ် ၁၈ နှစ်ကို ကျခံနေရစဉ် မိုဟာမာဒီဟာ ၁၀ ရက်ကြာ ဆေးရုံတက်ပြီး ကုသမှု ခံယူခဲ့ရပါသေးတယ်။
အခုလိုမျိုး ဆိုင်းငံ့ပေးထားရုံနဲ့တင် မလုံလောက်ဘဲ ဒီတက်ကြွလှုပ်ရှားသူဟာ အမြဲတမ်းအတွက် အထူးပြုကုသပေးဖို့ လိုအပ်နေတယ်လို့ပါ မိုဟာမာဒီမိသားစု ဖောင်ဒေးရှင်းအနေနဲ့ ထုတ်ပြန်ထားပါတယ်။
“ဒါဟာ သူ့ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးနဲ့ စွဲချက်အားလုံး ရုပ်သိမ်းပေးဖို့အတွက် တောင်းဆိုရမဲ့အချိန် ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတိုင်းက သူတို့ရဲ့ ငြိမ်းချမ်းစွာ ကြိုးပမ်းမှုအတွက် ထောင်သွင်းအကျဉ်းချခံနေရတာမျိုး မဖြစ်သင့်ပါဘူး” လို့လည်း ဆိုပါတယ်။
အသက် ၅၄ နှစ်အရွယ် မိုဟာမက်ဒီဟာ အီရန်မှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုကို ဆန့်ကျင်ပြီး လူ့အခွင့်အရေး မြှင့်တင်ပေးခဲ့တဲ့ တက်ကြွလှုပ်ရှားမှုကြောင့် ၂၀၂၃ ခုနှစ်တုန်းက ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။
Source: Reuters











