
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှာ ဇွန် ၁ ရက် ဒီကနေ့ နေ့လယ် ကျောင်းဆင်းချိန်မှာ ရုတ်တရက် မိုးကြိုးပစ်ချတဲ့အတွက် ကျောင်းဆရာမနဲ့ ကျောင်းသားတချို့ ဒဏ်ရာရခဲ့ပါတယ်။
ဒီနေ့လယ်ပိုင်း စာသင်ကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာရှိတဲ့ သစ်ပင်ကို မိုးကြိုးပစ်ခဲ့တာကြောင့် သစ်ပင်အောက် ရောက်နေတဲ့ ဆရာမနဲ့ ကျောင်းသားတွေ ထိခိုက်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
အနှိုင်းမဲ့တိမ်ပန်းချီ ပရဟိတအသင်း တာဝန်ရှိသူတယောက်က “ဘယ်လိုဖြစ်သွားတာလဲဆိုတော့ ကျောင်းဆင်းတဲ့ အချိန်မှာ ကျောင်းရှေ့က ကုက္ကိုလ်ပင်ကို ပစ်တာလို့ ပြောတယ်။ ကုက္ကိုလ်ပင်ကို ပစ်တော့ အဲဒီအပင်အောက်မှာ ဆရာမတယောက်နဲ့ ကလေး ၂ ယောက်က ရှိနေတာ။ အဲဒီကိုပစ်တော့ ဆရာမနဲ့ ကလေး၂ ယောက် ထိတာပေါ့။ အားလုံး ၃ ယောက်ပါ။ ကလေး ၂ ယောက်က KG က” လို့ ပြောပါတယ်။
မိုးကြိုးစက်ကွင်းထိခဲ့တဲ့ ကျောင်းဆရာမနဲ့ ကျောင်းသား ၂ ယောက်ကို မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ကုသပေးထားပြီး ကျောင်းသား ၂ ယောက်က ကျောနဲ့ မျက်နှာ နည်းနည်းထိခိုက်ခဲ့ကာ ဆရာမကတော့ ပိုထိသွားတယ်လို့ အနှိုင်းမဲ့တိမ်ပန်းချီ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။
KG အရွယ် ကျောင်းသား ၂ ယောက်ရဲ့ အခြေအနေကတော့ စိုးရိမ်စရာမရှိတော့ပေမဲ့ ဆရာမကတော့ မိုးကြိုးစက်ကွင်း ပိုထိထားလို့ စောင့်ကြည့် ကုသပေးနေတယ်လို့ ကူညီနေသူတချို့က ပြောပါတယ်။
စစ်အာဏာရှင်အစိုးရ၊ ပညာရေး ဝန်ကြီးဌာနက နိုင်ငံတဝန်းက သူတို့ထိန်းချုပ်မြို့နယ်တွေမှာ ဒီနေ့ အခြေခံပညာကျောင်းတွေ စတင် ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်၊
စစ်ကိုင်း၊ မကွေး အပါအဝင် တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတွေမှာတော့ အရပ်သားနေအိမ်တွေ၊ စာသင်ကျောင်းတွေကို ဗုံးကြဲနေတဲ့အတွက် ကလေးငယ်တွေ သေဆုံးနေရ ပါတယ်။










