
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ နိုဝင်ဘာ ၅ ရက် တရက်တည်းအတွင်း မိုးကြိုးပစ်ခတ်မှု ၃ နေရာ ဖြစ်ပွားခဲ့လို့ လူ ၂ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့နေ့လယ်ပိုင်းမှာ ပင်လောင်း-ထီတလီ ကားလမ်းဘေးရှိ ခရမ်းချဉ်စိုက်ခင်းထဲမှာ တောင်သူ ၃ ယောက် ခရမ်းချဉ်သီးခူးနေချိန် မိုးရွာလာတာကြောင့် မိုးကာတဲထဲ ဝင်ရောက် ခိုလှုံခဲ့ကြပါတယ်။
အဲဒီအချိန်မှာ မိုးကြိုးစက်ကွင်း ထိမှန်ခဲ့တာကြောင့် အမျိုးသားတယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အတူရှိနေတဲ့ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်လည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ ထီတလီရွာနေ ခွန်မိုးသိန်းကျော် ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကိုတော့ ပင်လောင်း ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ လွယ်မောကျေးရွာအုပ်စု၊ ဘုရားဖြူရွာမှာလည်း အာလူးစိုက်ခင်းထဲ အလုပ်လုပ်နေတဲ့ တောင်သူတွေ မိုးကြိုးပစ်ခံခဲ့ရပြီး ဦးခွန်အောင် ပွဲချင်းပြီး သေဆုံးကာ ကျန် ၂ ယောက်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် တီကျစ်ဒေသ၊ ဘုရားမဲရွာမှာလည်း မိုးကြိုးပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမဲ့ လူထိခိုက် သေဆုံးတာတော့ မရှိခဲ့ဘဲ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဒီနှစ်မှာ တောင်ယာလုပ်ရင်း မိုးကြိုးပစ်ခံရလို့ သေဆုံးသွားတဲ့ဖြစ်စဉ်တွေ ခဏခဏ ကြားနေရတယ်။ ဒီဘက်မှာက ဒေသခံအများစုဟာ စိုက်ပျိုးရေးလုပ်ငန်းကိုပဲ အဓိက လုပ်ကိုင်ကြတာဆိုတော့ မိုးရွာနေရင်တောင် စိုက်ခင်းထဲမှာ အလုပ်လုပ်နေကြရတတ်တယ်။ မိုးရာသီ ကုန်သွားပြီဆိုပြီး မိုးကြိုးအန္တရာယ်ကို သိပ်ဂရုမစိုက်ကြတာမျိုးလည်း ရှိနိုင်တယ်။ တကယ်တော့ မိုးတိမ်တောင်တွေ ဖြစ်လာရင် မိုးကြိုးပစ်တာမျိုး ရုတ်တရက် ဖြစ်နိုင်တယ်။ မိုးရွာလာတဲ့အခါ ဘယ်နေရာမှာ ခိုလှုံရမယ်၊ ဘယ်လိုကြိုတင်ကာကွယ်ရမယ် ဆိုတာတွေကို တောင်သူတွေ သေချာသိထားဖို့ လိုတယ်။ ရာသီဥတု သတိပေးချက်တွေကိုလည်း အချိန်မီသိနိုင်အောင် ဘယ်လိုကြည့်ရမယ်၊ ဘယ်လိုအသိပေးမယ် ဆိုတာတွေကို ကျေးရွာအဆင့်အထိ အသိပညာပေး လုပ်ငန်းတွေ လုပ်ပေးဖို့ လိုနေတယ်” လို့ ပြောပါတယ်။
မုတ်သုံမိုးရာသီ ကုန်ဆုံးသွားပြီဖြစ်ပေမဲ့ မိုးတိမ်တောင်တွေ ဖြစ်ပေါ်လာတဲ့အခါ မိုးသည်းထန်စွာရွာတာ၊ လေပြင်းတိုက်တာနဲ့ မိုးကြိုးပစ်တာတွေ ရုတ်တရက် ဖြစ်ပွားနိုင်တာကြောင့် မိုးအခြေအနေကို ပေါ့ဆလို့မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အထူးသဖြင့် စိုက်ခင်းနဲ့ တောင်ယာတွေမှာ အလုပ်လုပ်နေချိန် မိုးရွာလာရင် မိုးကာတဲနဲ့ သစ်ပင်အောက်တွေမှာ ဝင်ရောက်ခိုလှုံတာမျိုး မလုပ်သင့်ဘဲ ခိုင်ခံ့လုံခြုံတဲ့ အဆောက်အအုံထဲမှာ ခိုလှုံသင့်ပါတယ်။
မိုးကြိုးအန္တရာယ်နဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေကိုလည်း တာဝန်ရှိသူတွေ ကျေးရွာအဆင့်အထိ ပိုမိုလုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။
နိုဝင်ဘာ ၂ ရက်ကလည်း ပင်လောင်းမြို့နယ်၊ ကြေးတောင်ကျေးရွာအနီးရှိ ကြက်သွန်ဖြူစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ၃ ယောက် မိုးကြိုးစက်ကွင်းထိမှန်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးကာ ကျန် ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။











