
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ကြေးတောင်ကျေးရွာအနီး၊ ကြက်သွန်ဖြူစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ၃ ယောက် မိုးကြိုးစက်ကွင်းထိမှန်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တယောက် သေဆုံးကာ ကျန် ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
နိုဝင်ဘာ ၂ ရက် ညနေ ၃ နာရီခွဲလောက်မှာ လွယ်မောကျေးရွာအုပ်စု၊ မိုးနဲကျေးရွာနေ အမျိုးသမီး ၃ ယောက်ဟာ ဘုရားဖြူကျေးရွာအုပ်စု၊ ကြေးတောင်ကျေးရွာအနီးရှိ ကြက်သွန်ဖြူစိုက်ခင်းမှာ နေ့စား အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
အဆိုပါ အမျိုးသမီးတွေဟာ ထမင်းစားနားချိန်မှာ မိုးရွာလာတာကြောင့် မိုးကာမပါရှိတဲ့အတွက် အပင်အောက်မှာ အတူတူ မိုးခိုနေကြတာဖြစ်ပြီး မိုးကြိုးထိမှန်ချိန်မှာ အသက် ၂၁ နှစ်အရွယ် မချိုခမ်းဟာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “မိုးရွာလာလို့ အပင်အောက်မှာ မိုးဝင်ခိုတာကနေ အခုလို အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်သွားတာ တကယ်စိတ်မကောင်းစရာပါ။ လယ်ယာလုပ်ငန်းခွင်မှာ အလုပ်လုပ်ကြတဲ့သူ တွေအနေနဲ့ မိုးခြိမ်းသံကြားတာနဲ့ အလုပ်ရပ်ပြီး လုံခြုံတဲ့နေရာကို အမြန်ဆုံး ရှောင်ခိုကြ စေချင်ပါတယ်။ သစ်ပင်အောက်မှာ မိုးခိုတာကလည်း မိုးကြိုးအန္တရာယ်ရှိနိုင်တယ်ဆိုတာ အားလုံး သတိထားစေချင်ပါတယ်” လို့ပြောပါတယ်။
သေဆုံးသူ မချိုခမ်းရဲ့ ရုပ်အလောင်းကို တီကျစ်တိုက်နယ်ဆေးရုံ ရင်ခွဲရုံကနေ နိုဝင်ဘာ ၂ ရက် ညမှာ နာရေးကူညီရေးအဖွဲ့က နေအိမ်အထိ ပြန်လည်ပို့ဆောင်ကူညီပေးခဲ့ပါတယ်။
ကျန်အမျိုးသမီး ၂ ယောက် ကတော့ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။
မိုးကြိုးအန္တရာယ်နဲ့ပတ်သက်ပြီး မိုးခြိမ်းသံကြားရတာနဲ့ လယ်ယာလုပ်ငန်းခွင်မှာ အလုပ်လုပ် ကိုင်တာကို ရပ်နားပြီး ခိုင်ခံ့တဲ့အဆောက်အအုံအတွင်း ဝင်ရောက်ခိုလှုံဖို့ လိုအပ်ပါတယ်။
သစ်ပင်အောက်မှာ မိုးခိုတာ၊ လယ်ကွင်းပြင်လို နေရာလွတ်တွေမှာ ဆက်လက်နေထိုင်တာတွေကို ရှောင်ရှားသင့်ပြီး နောက်ဆုံးမိုးခြိမ်းသံကြားပြီးနောက် နာရီဝက်လောက်အထိ အပြင်မထွက်ကြဖို့ သတိပြုသင့်ပါတယ်။











