
ပင်လောင်းမြို့နယ်၊ တကူးမွူးကျေးရွာမှာ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ဒေသခံလူငယ် ၄ ယောက်ကို ဖမ်းဆီးရိုက်နှက်ပြီး တယောက်ကို ကျပ် ၃၅ သိန်းစီနဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေအဆိုအရ မေ ၁၆ ရက်နေ့က လူငယ် ၄ ယောက်ဟာ ရွာနားက ခြံတခုမှာ ဂိမ်းကစားနေတုန်း PNO ပြည်သူ့စစ်တွေ ဝင်လာပြီး ဖမ်းခေါ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးပြီးနောက် နောင်တရားမှာရှိတဲ့ PNO ရုံးကို ခေါ်သွားပြီး မူးယစ်ဆေးဝါ းသုံးစွဲနေတယ်လို့ စွပ်စွဲ ရိုက်နှက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ဆေးရာမှာတော့ မူးယစ်ဆေးဝါး သုံးစွဲထားတာ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံသတင်းရင်းမြစ်တယောက်က “ရွာသားကို ဖမ်းပြီး ခွေးလို နွားလို ရိုက်တာ။ ခေါင်းတွေကွဲ၊ လက်တွေလည်း ကျိုးတဲ့အထိ ရိုက်ကြတယ်။ အစက တယောက်ကို ၆၅ သိန်း တောင်းတာ၊ နောက်ဆုံးတော့ တယောက်ကို သိန်း ၃၅ ပေးပြီးမှ ပြန်ထုတ်ခဲ့ရတယ်” လို့ ပြောပါတယ်။
PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ဒေသခံလူငယ်တွေကို မူးယစ်ဆေးဝါးအကြောင်းပြပြီး ဖမ်းဆီးရိုက်နှက်ကာ ငွေညှစ်တောင်းခံတာတွေ မကြာခဏ လုပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒေသခံတယောက်က “ဒါက မူးယစ်ဆေးနှိမ်နင်းတာ မဟုတ်ဘူး။ လူငယ်တွေကို ပစ်မှတ်ထားပြီး ငွေညှစ်နေတာပဲ” လို့ ပြောပါတယ်။
PNO ဟာ ပင်လောင်းမြို့နယ်ထဲက ကျေးရွာတချို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူတွေကို အရေးယူတာ မရှိဘဲ ဒေသခံလူငယ်တွေကိုပဲ ဖမ်းဆီးရိုက်နှက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။










