
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်မူကျေးရွာနဲ့ ကျောက်ဆင့်ကျေးရွာကြားမှာ အောင်ပန်းမြို့ကနေ အာလူးရောင်းပြီး ပြန်လာတဲ့ ဒေသခံ ၂ ယောက်ကို စစ်အာဏာရှင် ဩဇာခံ PNO ပအိုးဝ်ပြည်သူ့စစ်က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ တယောက်သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မေ ၂၄ ရက်မှာ အောင်ပန်းမြို့ကို အာလူးသွားရောင်းပြီး ကားနဲ့ပြန်လာတဲ့ ကျောက်ဆင့်ကျေးရွာနဲ့ ပြည်လုံးကျေးရွာသား ၂ ယောက်ဟာ နောင်မူကျေးရွာ အနောက်ဘက်က တံတားကြီးအကွေ့နားကို ရောက်ရှိချိန် PNO ပြည်သူ့စစ် ၂ ယောက်က ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် ကျောက်ဆင့်ကျေးရွာက ကားဆရာ ဦးအောင်သိန်းဟာ ဝမ်းဗိုက်မှာ ကျည်ထိမှန်ပြီး ဖြစ်စဉ်နေရာမှာတင် သေဆုံးသွားခဲ့ပြီး ပြည်လုံးကျေးရွာက ဦးထွက်ကျော်စိန် ကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“PNO က ဘာအကြောင်းပြချက်မှမရှိဘဲ ကားကို ချက်ချင်းပစ်တာ။ သေနတ်နဲ့ပစ်ခံရတော့ ကားဆရာလည်း သေဆုံးသွားတယ်။ ပစ်ပြီးတော့ PNO တပ်သားတွေက ထွက်ပြေးသွားတယ်။ တော်တော်ယုတ်မာတယ်။ အခုထိ ပစ်တဲ့သူတွေကိုလည်း အရေးယူတာ မရှိသေးဘူး။”
သေဆုံးသွားတဲ့ ဦးအောင်သိန်းရဲ့ ရုပ်အလောင်းကို တီကျစ်ဆေးရုံကို ပို့ဆောင်စစ်ဆေးရာ ခန္ဓာကိုယ်အတွင်းက ကျည်ထိပ်ဖူးတခု တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူ ဦးအောင်သိန်းရဲ့ ရုပ်အလောင်းကို မေ ၂၅ ရက်မှာ ဒေသခံတွေက ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံတွေအကြား လုံခြုံရေးစိုးရိမ်မှု မြင့်တက်နေပြီး လက်ရှိမှာ ခြံ တောင်ယာ သွားလာဖို့တောင် ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။










