
အီတလီနိုင်ငံတဝန်းရှိ ကျောင်းပေါင်း ၆,၃၀၀ လောက်မှာ ဗုံးခွဲမယ်ဆိုတဲ့ သတိပေးချက်တွေ ရောက်လာပြီး နိုဝင်ဘာ ၁၁ ရက်မှာ ကျောင်းပေါင်း ၃၀၀ ထက်မနည်းကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။
စကော့တလန်၊ မြောက်အိုင်ယာလန်နဲ့ အိုင်ယာလန်သမ္မတနိုင်ငံတို့က ကျောင်းတွေ အများအပြားမှာလည်း နိုင်ငံရပ်ခြားကနေ ခြိမ်းခြောက်တဲ့ အီးမေးလ်တွေ ရောက်လာခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနိုင်ငံတွေမှာတော့ အတုအယောင်တွေအဖြစ် သတ်မှတ်ခဲ့ပြီး စာသင်ကြားမှု မထိခိုက်ခဲ့ပါဘူး။
အီတလီနိုင်ငံမှာတော့ သတိပေးချက်တွေ ရောက်လာအပြီး ကျောင်းတွေကို ချက်ချင်း ပိတ်လိုက်ရလို့ မိဘအများအပြားက လုပ်လက်စအလုပ်တွေကို ရပ်တန့်ပြီး ကျောင်းတွေကနေ ကလေးတွေကို လာခေါ်ခဲ့ရပါတယ်။
ရိုက်တာသတင်းဌာနက သူတို့ မြင်လိုက်ရတဲ့ သတင်းစကား မိတ္တူတခုမှာ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကို ပစ်မှတ်ထားမဲ့ ခြိမ်းခြောက်မှုလည်း ပါတယ်လို့ ဖော်ပြပါတယ်။
ဝန်ကြီးချုပ်ကတော့ ဗုံးခွဲမဲ့ သတိပေးချက်တွေကြောင့် အန္တရာယ်မရှိဘဲ ရဲတပ်ဖွဲ့ အပါအဝင် တခြား အစိုးရအဖွဲ့အစည်းတွေက အခြေအနေကို စောင့်ကြည့်စစ်ဆေးနေတယ်လို့ ပြောခဲ့ပါတယ်။
အီတလီနိုင်ငံကို ရောက်လာတဲ့ အီးမေးလ်မှာ မစ်ဆိုဂျီနစ်စတန်ပြည်နယ်ရဲ့ ခေါင်းဆောင် မီခေးလ် အန်ဒရိုပေါ့ဗ်လို့ လက်မှတ်ထိုးထားပါတယ်။
သူက သောကြာနေ့မှာ အိုင်ယာလန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတို့က သတင်းဌာနတွေဆီ ပေးပို့ခဲ့တဲ့ ဗုံးခွဲမယ်ဆိုတဲ့ အီးမေးလ် ခြိမ်းခြောက်မှုတွေကလည်း သူတို့လက်ချက်ဖြစ်တယ်လို့ ပြောထားပါတယ်။
ခြိမ်းခြောက်မှုတွေဟာ အခု အလွန်ရှင်းလင်းနေပြီဖြစ်တဲ့ မဟာဗျူဟာတခုရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်တယ်၊ အကြောက်တရားတွေ ပျံ့နှံ့ပြီး စိုးရိမ်ပူပန်စေဖို့ ရည်ရွယ်တာသာ ဖြစ်တယ်လို့ အီတလီ ကာကွယ်ရေးဝန်ကြီး ဂွီဒို ခရိုဆက်တိုက ပြောတဲ့အကြောင်း အက်ဒ်ခရွန်နော့စ် သတင်းဌာနက ဖော်ပြပါတယ်။
ဒါဟာ ဥရောပတဝန်း စူပါမားကက်တွေ၊ သွေးဘဏ်တွေ၊ လေကြောင်းသွားလာရေးလုပ်ငန်းတွေနဲ့ ရုပ်သံလွှင့်ဌာနတွေအပေါ် ပစ်မှတ်ထားတဲ့ ခြိမ်းခြောက်မှုတွေ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်အပြီး နောက်ဆုံးပေါ် ဖြစ်ရပ်တခုပါ။
ရုရှားနိုင်ငံက ကျူးကျော်ဝင်ရောက် တိုက်ခိုက်ပြီးတဲ့နောက် ယူကရိန်းကို ထောက်ခံအားပေးနေတဲ့ ဥရောပနိုင်ငံတွေမှာ နေ့စဉ် လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်စေမဲ့ လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ ရုရှားရှိနေနိုင်တယ်လို့ ဥရောပအရာရှိတချို့က သံသယရှိနေကြပါတယ်။
ရုရှားကတော့ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး အနောက်နိုင်ငံတွေက သူတို့အပေါ် အတင်းအဖျင်းတွေနဲ့ စွပ်စွဲတိုက်ခိုက်နေတယ်လို့ တန်ပြန်စွပ်စွဲထားပါတယ်။
ပြီးခဲ့တဲ့အပတ်က စူပါမားကက် ရာပေါင်းများစွာမှာရှိတဲ့ ရေခဲသေတ္တာတွေကို အလုပ်မလုပ်နိုင်အောင် လုပ်ခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတခုအတွက် အီရန်အစိုးရကို ပြင်သစ်နိုင်ငံက စွပ်စွဲခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ၁၀ ရက်မှာ အီရန်သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
စွပ်စွဲချက်တွေကို အခြေအမြစ်မရှိ ရန်လိုတဲ့ စွပ်စွဲချက်တွေလို့ အီရန်ဘက်က ပြောဆို ပယ်ချခဲ့ပါတယ်။
Source: Reuters











