
ပိုလန်နိုင်ငံမှာ ၄ ရက်အတွင်း ကျောင်းတွေမှာ ဓားနဲ့တိုက်ခိုက်မှု ၃ ကြိမ်ဖြစ်ခဲ့လို့ တနိုင်ငံလုံး တုန်လှုပ် ချောက်ချားခဲ့ပါတယ်။
ဒီအကြမ်းဖက်မှုတွေက အကြောင်းရင်းတခုတည်းကြောင့် ဖြစ်လာတာ မဟုတ်ဘဲ အိမ်တွင်းအကြမ်းဖက်မှု၊ ကျောင်းတွင်း အနိုင်ကျင့်မှုတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ လူအများ အာရုံစိုက်ခံချင်တဲ့ ဆန္ဒကို ပိုအားကောင်းလာစေတဲ့ လူမှုကွန်ရက်မီဒီယာရဲ့ စွမ်းအားတို့ ပေါင်းစပ်ပါဝင်နေတယ်လို့ ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူတယောက်က ပြောပါတယ်။
အောက်တိုဘာ ၇ ရက်ကနေ ၁၀ ရက်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူတယောက် သေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဒ့ါအပြင် တခြား တိုက်ခိုက်မဲ့ အစီအစဉ်နှစ်ခုကိုလည်း ရဲတပ်ဖွဲ့က ကြိုတင်တားဆီးနိုင်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်က ဒီတိုက်ခိုက်မှုတွေရဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကို အရင်က မကြုံဖူးဘူးလို့ ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ တပတ်ကြာ အပြင်းအထန် စုံစမ်းစစ်ဆေးခဲ့ပေမဲ့ ဒီဖြစ်ရပ်တွေကြား ဆက်စပ်နေတဲ့ ဒါမှမဟုတ် ကြိုတင်ညှိနှိုင်းစီစဉ်ထားတဲ့ သက်သေအထောက်အထား မတွေ့ရဘူးလို့ ပိုလန် ပြည်ထဲရေးဝန်ကြီး မာစင်ကီယာဝင်းစကီးက အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်းမှာ လုပ်နေတဲ့ စိန်ခေါ်မှုတခုခု ရှိနေတာ ဒါမှမဟုတ် ပြင်ပအဖွဲ့အစည်းတွေက လှုံ့ဆော်တိုက်ခိုက်ခိုင်းတာမျိုး ရှိတယ်ဆိုတဲ့ အတည်ပြုနိုင်တဲ့ အချက်အလက်ကိုလည်း မတွေ့ရဘူးလို့ သူက ဆက်ပြောပါတယ်။
ပိုလန်ရဲတပ်ဖွဲ့က ကျောင်းပေါင်း ၂၂၅,၀၀၀ ကို စစ်ဆေးပြီး လူ ၁၉၄ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့အပြင် ကြီးမားကျယ်ပြန့်တဲ့ စစ်ဆင်ရေးတရပ်ကို အောက်တိုဘာ ၁၈ ရက်အထိ ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေက ဆိုထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူ အများစုက ဆယ်ကျော်သက်တွေဖြစ်ကြပြီး အွန်လိုင်းပေါ်မှာ ဓားပုံတွေတင်သူတွေ၊ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်သူတွေ ဒါမှမဟုတ် ကျောင်းဝင်းအတွင်း အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ယူလာသူတွေ ဖြစ်ကြပါတယ်။
ပိုလန်အစိုးရက ဒီတိုက်ခိုက်မှုတွေကို စနစ်တကျ စီစဉ်ထားတဲ့ လှိုင်းလုံးကြီးတခုအဖြစ် မမြင်ဘဲ တခြားသူတွေကို အတုယူပြီး ပြန့်ကျဲဆောင်ရွက်နေတဲ့ ဖြစ်ရပ်တွေအဖြစ် သတ်မှတ်ထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ တားဆီးကာကွယ်မှုသက်သက်နဲ့ အတုယူကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်းလို့ မရနိုင်ဘူးလို့ ပိုလန်အစိုးရက ပြောပါတယ်။
အမှန်တကယ် အမြစ်ပြတ်ဖြေရှင်းနိုင်မဲ့ နည်းလမ်းက ကြိုတင်ကာကွယ်ရေးနဲ့ ပညာပေးရေးတို့သာ ဖြစ်တယ်လို့ ပိုလန်အစိုးရက ပြောခဲ့ပါတယ်။
Source: Reuters











