ချက်သမ္မတနိုင်ငံမှာ ဇူလိုင် ၂၃ ရက်က စစ်ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့တာကြောင့် လိုက်ပါလာတဲ့ စစ်သည် ၅ ယောက်ထဲက အမျိုးသမီးစစ်သည်တယောက် သေဆုံးသွားတယ်လို့ ချက်တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
မြို့တော် ပရာ့ဂ်ရဲ့ အရှေ့တောင်ဘက် ၁၁၂ မိုင် (၁၈၀ ကီလိုမီတာ) လောက်အကွာ ချက်နိုင်ငံအရှေ့ပိုင်းက နာမက်စ် နဒ်အိုစ်လာဗူမြို့ရှိ စစ်စခန်းတခုမှာ စစ်ရဟတ်ယာဉ် ပျက်ကျခဲ့တာပါ။
ချက် လေတပ်စခန်းမှူး ဗိုလ်မှူးချုပ် ပီတာတိုမာနက်ခ်က ပေ ၁၆၀ (မီတာ ၅၀) လောက် အမြင့်မှာ “မမျှော်လင့်ထားတဲ့ ဖြစ်စဉ်တခု” စတင်ဖြစ်ပွားခဲ့ပြီးနောက် ရဟတ်ယာဉ် ပြုတ်ကျသွားခဲ့တာလို့ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး ယာရိုမီယာဇူးနားက သေဆုံးသွားတဲ့ အမျိုးသမီးစစ်သည်ရဲ့ မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းရပါကြောင်း ဝန်ကြီးဌာနကိုယ်စား ထုတ်ဖော်ပြောကြားခဲ့ပြီး တပ်မတော်ဘက်ကလည်း ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူရဲ့ မိသားစုတွေကို လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ အပြည့်အဝ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
အတန်အသင့် ပြင်းထန်ဒဏ်ရာတွေ ရရှိထားသူ ၃ ယောက်ကို ဘနိုမြို့ရှိ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့သူ တယောက်ကို ယီဗာလာမြို့ရှိ ဆေးရုံကို ပို့ထားတယ်လို့ ယီဗာလာဒေသ ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပီတာယနာချက်ခ်က ပြောပါတယ်။
မီးခိုးငွေ့ ရှူရှိုက်မိထားသူ ၃ ယောက်ကတော့ ထရဲဘစ်ချ်မြို့ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ အမေရိကန်လုပ် UH-1Y ဗီနွန် အမျိုးအစားဖြစ်ပြီး ဘဲလ် တက်ခ်စ်ထရွန် ကုမ္ပဏီက ထုတ်လုပ်ထားတာပါ။
ဒီရဟတ်ယာဉ်ကို တပ်ဖွဲ့ဝင်တွေ သယ်ယူပို့ဆောင်ရေး၊ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးနဲ့ လက်နက်ကိုင် စစ်ဆင်ရေးတွေမှာ သုံးစွဲတာ ဖြစ်ပါတယ်။
ချက်တပ်မတော်အနေနဲ့ ဒီပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ မပြီးဆုံးမချင်း တပ်မတော်အတွင်းရှိ UH-1Y ရဟတ်ယာဉ်တွေ အားလုံးကို ပျံသန်းမှု ယာယီဆိုင်းငံ့ထားကြောင်း ကြေညာထားပါတယ်။
Source: Reuters











