
ဂရိအာဏာပိုင်တွေဟာ ဆစ်ဖ်နို့စ်ကျွန်းမှာ လူသေဆုံးမှုဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ဩဂုတ် ၁၈ ရက်မှာ ဆက်လက်စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တောင်ပိုင်း အယ်ဂျီးယန်းနယ်မြေ ရဲဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ အတည်ပြုချက်အရ ခရီးသည်တွေ ဟာ ဗြိတိန်နိုင်ငံသား အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ဖြစ်ပြီး မောင်းနှင်သူ လေယာဉ်မှူးကတော့ ဂရိနိုင်ငံသား ဖြစ်ပါတယ်။
ပျက်ကျရတဲ့ အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာ အထောက်အထားတွေ လိုက်လံစုဆောင်းနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဆေးဘက်ဆိုင်ရာ စစ်ဆေးဖို့အတွက် ကျွန်းပေါ်မှာပဲ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။
ဂရိနိုင်ငံ ဆစ်ဖ်နို့စ်ကျွန်းမှာ သြဂုတ် ၁၇ ရက်က ရဟတ်ယာဉ်ပျက်ကျမှုမှာ ဒီလူ ၃ ယောက်လုံး သေဆုံးခဲ့တယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ဒရုန်းဗီဒီယိုမှတ်တမ်းတွေအရ ကျွန်းပေါ်က အိမ်တွေအနီး ကွင်းပြင်ထဲမှာ ပျက်ကျသွားပြီး မကြာခင်မှာပဲ မီးသတ်သမားတွေဟာ မီးငြှိမ်းသတ်နေကြတာကို တွေ့ရပြီး အနီးအနားမှာ အဖြူရောင် အထည်စတခုကို ဖုံးအုပ်ထားပါတယ်။
ရဟတ်ယာဉ်ဟာ အဲဒီနေ့မှာပဲ အက်တီကာဒေသရှိ မာကိုပိုလိုစ်မြို့ကနေ ထွက်ခွာလာတာလို့ ရဲပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒေသတွင်း ဂရိမီဒီယာတွေကတော့ သေဆုံးသူ စုံတွဲဟာ မင်္ဂလာဆောင်ပြီးခါစ ကြင်စဦး လင်မယား တွေ ဖြစ်တယ်လို့ ရေးသားကြပေမဲ့ ဂရိရဲတပ်ဖွဲ့ကတော့ ဒါကို အတည်မပြုသေးပါဘူး။
Source: Reuters











