
ဂရိနိုင်ငံမှာ တောမီးငြှိမ်းသတ်နေတုန်း ရဟတ်ယာဉ် ၂ စင်း ဝေဟင်မှာ တိုက်မိခဲ့တာကြောင့် ယာဉ်အမှုထမ်း ၂ ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေကတော့ ဒိန်းမတ်လေယာဉ်မှူးတယောက်နဲ့ ဂရိမီးသတ်အရာရှိတယောက်တို့ဖြစ်ပြီး ဒုတိယရဟတ်ယာဉ်ပေါ်က ဗြိတိန်လေယာဉ်မှူးနဲ့ ဂရိမီးသတ်ညှိနှိုင်းရေးမှူးတို့ကတော့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။
ဩစတြေးလျကုမ္ပဏီကနေ ငှားရမ်းထားတဲ့ အဲဒီ Bell ရဟတ်ယာဉ် ၂ စင်းဟာ သြဂုတ် ၂ ရက်က အက်တီကာ-ဘီအိုးရှား (Attica-Boeotia) နယ်စပ်မှာ တောမီးငြှိမ်းသတ်နေစဉ် တိုက်မိခဲ့တာပါ။
မြို့တော်အေသင်ရဲ့ အနောက်ဘက် ၆၅ ကီလိုမီတာအကွာမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်ရုပ်သံမှာ ရဟတ်ယာဉ်တစင်းရဲ့ ပန်ကာကို အခြားတစင်းက ဝင်တိုက်မိပြီး မီးလောင်ပျက်ကျသွားတာကို မြင်တွေ့ရပါတယ်။
ကျန်ရဟတ်ယာဉ်တစင်းကတော့ အရေးပေါ်ဆင်းသက်နိုင်ခဲ့ပြီး အထဲမှာပါလာသူ ၂ ယောက်လုံး ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
ဂရိဝန်ကြီးချုပ် ကီယီရားကို့စ် မစ်ဆိုတားကစ်က ဒီဖြစ်စဉ်အတွက် အင်မတန် ဝမ်းနည်းကြေကွဲရကြောင်း၊ အားလုံး ပူဆွေးသောကရောက်ခဲ့ရကြောင်း X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
လုပ်ထုံးလုပ်နည်းတွေအရ နိုင်ငံတန်ဝန်းမှာရှိတဲ့ Bell ရဟတ်ယာဉ်တွေ အားလုံးကို ပြေးဆွဲခွင့် ရပ်ဆိုင်းလိုက်ပြီလို့ ဂရိအစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာ မီးသတ်သမား ၅၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၃ ရက်တာကာလကစလို့ ဂရိနိုင်ငံတဝန်းက တောမီးတွေကို အပြင်းအထန် ငြှိမ်းသတ်နေရပါတယ်။
တောမီးလောင်ကျွမ်းမှုတွေဟာ လူတွေကြောင့် အများဆုံးဖြစ်ပွားလေ့ရှိပေမဲ့ ရာသီဥတုပြောင်းလဲမှု (Climate Change) က ဒီလိုအခြေအနေတွေကို ပိုမိုဆိုးရွားစေပါတယ်။










