အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီဟာ စက်တင်ဘာ ၁၅ ရက်မှာ လမ်းအန္တရာယ်ကင်းရှင်းရေး အစီအစဉ်သစ်တခုကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ ကားမောင်းရာမှာ ဂရုမစိုက် ပေါ့ဆသူတွေကို အဓိကထား ကိုင်တွယ်ဖို့ ရှိနေပါတယ်။
လမ်းဆုံတွေကို ပုံစံသစ်နဲ့ ပြန်ပြင်ရင်း လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ ဘတ်စ်ကားစီးခြင်းတို့ကို ပိုလုံခြုံပြီး လွယ်ကူချောမွေ့အောင် လုပ်ရင်းက တဆင့် ယာဉ်တိုက်မှုကြောင့် သေဆုံးရသူဦးရေကို လျှော့ချဖို့ ရည်ရွယ်ထားပါတယ်။
“Vision Zero Reimagined” လို့ နာမည်ပေးထားတဲ့ ဒီအစီအစဉ်ထဲမှာ မြို့တွင်းမှာ လမ်းလျှောက်သူတွေသာ သွားလာခွင့်ရှိတဲ့ ဧရိယာတွေနဲ့ လမ်းလျှောက်သူတွေကို ဦးစားပေးတဲ့ ဧရိယာတွေကို ပထမဆုံးအကြိမ် ဖန်တီးခြင်းနဲ့ လုံခြုံစိတ်ချရတဲ့ စက်ဘီးစီး လမ်းကြောင်းတွေကို တိုးချဲ့ခြင်းတို့ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့လက နယူးယောက်မြို့သား ၉ ယောက်ဟာ ကားနဲ့တိုက်ပြီး ထွက်ပြေး တိမ်းရှောင်မှုတွေကြောင့် သေဆုံးခဲ့ရပြီး ဩဂုတ်လအတွင်း တပတ်တာ ကာလတိုလေးအတွင်းမှာ စက်ဘီးစီးသူ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် သေဆုံးရသူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးအတွက် တာဝန်ရှိတဲ့ ပေါ့ပေါ့ဆဆ မောင်းတာမျိုး အကြိမ်ကြိမ်လုပ်ဖူးသူ ယာဉ်မောင်းတွေကို မြို့တော်အာဏာပိုင်တွေက အဓိကထား ကိုင်တွယ်သွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့ပြင် နှစ်စဉ် လမ်းဆုံပေါင်း အနည်းဆုံး ၁,၀၀၀ လောက်မှာ လုံခြုံရေးအခြေအနေကို မြှင့်တင်ဖို့နဲ့ အလိုအလျောက် စောင့်ကြည့်စစ်ဆေး အရေးယူမှုစနစ်တွေကို တိုးချဲ့လုပ်ဆောင်ဖို့လည်း စီစဉ်ထားပါတယ်။
“ကျနော်တို့အနေနဲ့ မျိုးဆက်သစ် ကိရိယာတွေနဲ့ မူဝါဒတွေကို စမိတ်ဆက် အသုံးပြုသွားမယ်” လို့ နယူးယောက်မြို့တော် သယ်ယူပို့ဆောင်ရေး ကော်မရှင်နာ မိုက်ဖလင်းက ပြောခဲ့ပါတယ်။
Source: Reuters











