
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ဘရွတ်ကလင်း အုပ်ချုပ်ရေးခရိုင်ရှိ ၃ ထပ်တိုက် တလုံး နိုဝင်ဘာ ၁၁ ရက်က ပြိုကျခဲ့လို့ အနည်းဆုံး လူ ၂ ယောက် သေဆုံးပြီး ကလေး ၇ ယောက် အပါအဝင် နောက်ထပ် ၁၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နယူးယောက်မြို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖလတ်ဘွတ်ရှ် ရပ်ကွက်ထဲက ဘက်ဒ်ဖို့ဒ်နဲ့ ဖလက်ဘုရှ် လမ်းဆုံထောင့်မှာရှိတဲ့ လူနေနဲ့ စီးပွားရေး တွဲဖက်အသုံးပြုတဲ့ အဆောက်အအုံဟာ ဒေသစံတော်ချိန် ညနေ ၄ နာရီကျော်လေးမှာပဲ ဘေးချင်း ကပ်လျက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကို ပြိုကျသွားခဲ့တာဖြစ်ပြီး အကြီးစားရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ခဲ့ရပါတယ်။
သေဆုံးသူ ၂ ယောက်၊ စိုးရိမ်ရတဲ့ အခြေအနေရှိသူ ၄ ယောက်၊ အခြေအနေတည်ငြိမ်သူ ၁၂ ယောက် နဲ့ အသေးစား ဒဏ်ရာရတဲ့ မီးသတ်သမားတယောက် အပါအဝင် စုစုပေါင်း လူ ၁၉ ယောက် ထိခိုက် ခဲ့တယ်လို့ မီးသတ်မင်းကြီး လီလီယန် ဘွန် စီညော်ရီက ပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ဆေးရုံကို ပို့ဆောင်ထားရတဲ့ ဆောက်လုပ်ရေး အလုပ်သမား ၄ ယောက် လည်း ပါဝင်ပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေတာကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း ဘွန်စီညော်ရီက သတိပေးခဲ့ပါတယ်။
မီးသတ်သမားတွေဟာ အပျက်အစီးပုံတွေကြား ရှာဖွေဖို့ လှေကားတွေ၊ စက်လွှတွေနဲ့ ရှာဖွေရေး ခွေးတွေကို အသုံးပြုခဲ့ကြပါတယ်။
အပျက်အစီးတွေကြားထဲကနေ နာရီပေါင်းများစွာ ပိတ်မိနေတဲ့ အမျိုးသမီးတယောက် အပါအဝင် အသက်ရှင် ကျန်ရစ်သူ အတော်များများကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။
ဒီနေရာမှာ သင့်လျော်တဲ့ ဘေးကင်းရေး အစီအမံတွေ မလုပ်ခဲ့ဘူးလို့ ယူဆကြောင်းနဲ့ ရပ်ကွက်ထဲ ရှိနှင့်ပြီးသား အဆောက်အအုံတွေထဲ နေထိုင်နေကြသူတွေရဲ့ အသက်အန္တရာယ်ကို မထိခိုက်စေဖို့ အတွက် ဘေးကင်းရေး အစီအမံတွေကို ပိုပြီး ဂရုတစိုက် ကြိုတင်စစ်ဆေးသင့်တယ်လို့လည်း ဒေသခံ အဆောက်အအုံ ကြီးကြပ်ရေးမှူး ဂျရယ် ပါကင်စ်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။
အဆောက်အအုံ အများစုဟာ နှစ်ပေါင်း ၁၀၀ လောက် သက်တမ်းရှိနေပြီ ဖြစ်တာကြောင့် အုတ်မြစ်မခိုင်တဲ့ နေရာတွေမှာ အထပ်မြင့် အဆောက်အအုံတွေ မဆောက်ဖို့ သတိပေးခဲ့ပါတယ်။
စစ်ဆေးရေးမှူးတွေဟာ အခုပြိုကျမှုကို စုံစမ်းစစ်ဆေးနေသလို အနီးအနားက အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကိုလည်း စစ်ဆေးနေတယ်လို့ မြို့တော် အဆောက်အအုံဌာနက ပြောပါတယ်။ ပြိုကျရတဲ့ အကြောင်းရင်းကိုတော့ ချက်ချင်း မသိရသေးပါဘူး။
Source: Reuters











