
စစ်အာဏာရှင်ရဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး Free HER Campaign အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကို ဒေသစံတော်ချိန် အောက်တိုဘာ ၁၀ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ Willowbrook State Park ၊ Hope For Suu Forest မှာ ကျင်းပပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် Kim Aris (ခေါ်) ကိုထိန်လင်း ဦးဆောင်တဲ့ Free HER Campaign ကို ထောက်ခံအားပေးတဲ့ရည်ရွယ်ချက်နဲ့ နယူးယောက်မြို့ခံမြန်မာနွယ်ဖွားတွေက သစ်ပင်စိုက်ပွဲကို စီစဉ်ခဲ့တာဖြစ်ပါတယ်။
သစ်ပင်စိုက်ပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်ပါဝင်ခဲ့ပြီး ပန်းခြံသက်ဆိုင်ရာဌာနရဲ့ကန့်သတ်ချက်အရ လူဦးရေ ၃၀ သာ ပွဲမှာပါဝင်ခဲ့ရပါတယ်။
သံအမတ်ကြီးဦးကျော်မိုးထွန်းက “စီစဉ်ပေးတဲ့ NYCBC (New York City Burmese Community) ကို ကျေးဇူးတင်ပါတယ်။ အမေစုလွတ်မြောက်ရေး လှုပ်ရှားမှုတွေထဲကမှ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို ရည်ရွယ်ပြီး အမှတ်တရ သစ်ပင် ၈၂ ပင် စိုက်ပျိုးခွင့်ရတဲ့အတွက် အင်မတန်မှ အဓိပ္ပာယ်ရှိပါတယ်။ ကျနော်တို့နိုင်ငံကြီး အေးချမ်းသာယာဖို့ ကျနော်တို့ပြည်သူတွေ အနာဂတ်ကောင်းမွန်ဖို့အတွက် ရည်မှန်းပြီးစိုက်ပျိုးတဲ့အတွက် ရည်ရွယ်ချက်အရလည်း အင်မတန်ကောင်းမွန်ပါတယ်” လို့ ပြောပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်က မတရားဖမ်းဆီးထားတာကို နိုင်ငံတကာက မျက်ခြည်မပြတ်သိရှိနေအောင်၊ မြန်မာအယူအဆအရ သစ်ပင်စိုက်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာပြီး အချုပ်အနှောင်ကနေ အမြန်ဆုံး ပြန်လွတ်မြောက်အောင် ရည်ရွယ်ချက်တွေနဲ့ ပွဲကို စီစဉ်ခဲ့တာလို့ NYCBC တာဝန်ရှိသူတွေက ပြောပါတယ်။











