
အထူးထုတ် ဖော်မြူလာဝမ်း KitKat ချောကလက်ချောင်း ၁၂ တန်ကို သယ်လာတဲ့ ကုန်ကားနဲ့အတူ အခိုးခံခဲ့ရတယ်လို့ ဆွစ်ဇာလန်အစားအစာ ကုမ္ပဏီကြီး နက်စလေက မတ် ၂၈ ရက်မှာ ပြောပါတယ်။
နက်စလေကထုတ်တဲ့ KitKat ချောကလက်ချောင်း ၄၁၃,၇၉၃ ချောင်းကို တင်ဆောင်လာတဲ့ ထရပ်ကားဟာ ဥရောပတဝန်း ချောကလက်ဖြန့်ဖြူးဖို့ အီတလီအလယ်ပိုင်းကနေ ထွက်လာခဲ့ပေမဲ့ ပိုလန်မှာ စီစဉ်ထားတဲ့ နောက်ဆုံးဦးတည်ရာဆီ ရောက်မလာခဲ့ဘူးလို့ KitKat က ပြောပါတယ်။
ကားနဲ့ ကုန်ပစ္စည်းတွေ ပျောက်ဆုံးနေဆဲပါ။ ကုန်ကား ဘယ်နေရာမှာ ပျောက်သွားလဲ ဆိုတာကို နက်စလေက အတိအကျ မဖော်ပြခဲ့ပါဘူး။
ခိုးယူခံရတဲ့ ချောကလက်ချောင်းတွေဟာ KitKat ရဲ့ Formula One လိုင်းအသစ်က ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
ပြီးခဲ့တဲ့နှစ်က F1 ရဲ့ တရားဝင်ချောကလက်ချောင်းလို့ နာမည်ပေးပြီးတဲ့နောက် ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။
ပျောက်နေတဲ့ ချောကလက်ချောင်းတွေကို ထူးခြားတဲ့ batch code ကတဆင့် ခြေရာခံနိုင်တယ်လို့ KitKat က သီးခြားကြေညာချက်တခုမှာ ပြောပါတယ်။
ခိုးယူခံရတဲ့ ချောကလက်ရဲ့ batch ကုဒ်နံပါတ်တွေကို စကင်ဖတ် စစ်ဆေးသူတိုင်း KitKat ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတဲ့ ညွှန်ကြားချက်တွေကိုလည်း ရမှာဖြစ်ပါတယ်။
ကုန်ပစ္စည်းခိုးယူမှုဟာ အရွယ်အစားမျိုးစုံရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် တိုးပွားလာနေတဲ့ ပြဿနာတရပ်လို့လည်း KitKat က ပြောခဲ့ပါတယ်။
Source: Reuters











