
ဥရောပ စံချိန်တင် အပူလှိုင်းကြောင့် ဆွစ်ဇာလန်မှာရှိတဲ့ ရေခဲမြစ်တွေ အလျင်အမြန် ကျုံ့သွားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဒါဟာ ရေခဲဆုံးရှုံးမှု အဆိုးဆုံးနှစ်တခုဖြစ်ပြီး ၅ ရာခိုင်နှုန်း ကျုံ့သွားတာလို့ ဆွစ်ဇာလန်နိုင်ငံ ရေခဲမြစ်စောင့်ကြည့်ရေးအဖွဲ့ (GLAMOS) က အောက်တိုဘာ ၁ ရက် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
GLAMOS ဒါရိုက်တာ ဟတ်က “လက်ရှိအချိန်မှာ ကျနော်တို့ဟာ ရေခဲမြစ်တွေ အရည်ပျော်နေတဲ့ ကမ္ဘာသစ်မှာ ရောက်နေပါတယ်။ အနာဂတ်မှာလည်း အရည်ပျော်တာတွေ တွေ့ရမှာပါ။ နှစ်တိုင်းမှာ ကျနော်တို့ အဆိုးဆုံးတွေ တွေ့ခဲ့ရပြီး ဒီခြေအနေတွေက စိုးရိမ်ရတဲ့ အခြေအနေပါ” လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ်မှာ နှင်းကျမှုနည်းပြီး နွေရာသီမှာ စံချိန်တင် အပူချိန်မြင့်မားမှုက ဒီနှစ်မှာ ရေခဲမြစ်တွေ ကြီးမားတဲ့ အရည်ပျော်မှုတွေ ဖြစ်ပေါ်စေတာပါ။
ပြီးခဲ့တဲ့ ၅ နှစ်က ရေခဲမြစ်တွေ အရေပျော်မှုန်းက ၅ ပုံ ပုံရင် ၁ ပုံလောက်ပဲ ရှိခဲ့ရာကနေ အခုလို စံချိန်တင် မြင့်တက်လာတာလို့ စောင့်ကြည့်ရေးမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာ အကြီးဆုံး ရေခဲထုကြီးက အေလက်လို့ ခေါ်တဲ့ ရေခဲထုကြီးပဲ ဖြစ်ပါတယ်။ ဒီနှစ်အပူချိန်ကြောင့် အေလက်ရေခဲထုကြီးရဲ့ အရည်ပျော်မှုက ၄ မီတာလောက် ရှိတယ်လို့ ဆိုပါတယ်။
ဇူလိုင်ကနေ စက်တင်ဘာလကြားမှာ ရေခဲထု အရည်ပျော်မှု ၂ ဒသမ ၂ ထရီလီယံလီတာ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ပါတယ်။
ဒါကတော့ နွေရာသီမှာ ရေလိုအပ်ချက်ကို ဖြည့်ပေးနိုင်တဲ့ ကောင်းတဲ့အချက်လို့တော့ ဆိုကြပါတယ်။
ဒါပေမဲ့ ရေခဲထုတွေ ကျုံ့လာတာ၊ သေးလာတာတွေကြောင့် ရေခဲလွှမ်းတဲ့ ဧရိယာတွေလည်း သေးလာတယ်လို့ ဟတ်က ပြောပါတယ်။
၂၀၂၆ ခုနှစ် ဩဂုတ်လတုန်းက အာရှတိုက်မှာ နီပေါနဲ့ တိဘက် နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြောင့် လူ ၁,၅၀၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ရေခဲမြစ်တွေ အရည်ပျော်တာကို ကမ္ဘာကြီးက ပိုပြီး သတိထားမှုတွေ လုပ်လာပါတယ်။










