နိုင်ဂျာနိုင်ငံမှာ တနှစ်ခွဲကျော်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ သြစတြီးယား အမျိုးသမီးတယောက်နဲ့ ဆွစ်ဇာလန် အမျိုးသမီးတယောက်တို့ လွတ်မြောက်လာပြီးနောက် လစ်ဗျားနိုင်ငံ အရှေ့ပိုင်းက ဘန်ဂါဇီမြို့ကို ရောက်ရှိလာကြပြီလို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ ၂ ယောက်က အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။
လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ပြီးသွားရင်တော့ အဲဒီအမျိုးသမီး ၂ ယောက်ကို သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ဒီကယ်ဆယ်ရေးလုပ်ငန်းစဉ်ကိုတော့ လစ်ဗျားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဒုတိယစစ်သေနာပတိ ဆက်ဒမ် ဟက်ဖှ်တာက ဦးဆောင်ခဲ့တာပါ။
အသက် ၇၆ နှစ်အရွယ် သြစတြီးယားအမျိုးသမီး အီဗာ ဂရက်ဇ်မာချာက သူဟာ တနှစ်နဲ့ ၉ လတိတိ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။
သူဟာ နိုင်ဂျာနိုင်ငံအလယ်ပိုင်း အာဂါဒက်ဇ် သဲကန္တာရမြို့မှာ နေထိုင်လာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက အဲဒီမှာ ပြန်ပေးဆွဲခံခဲ့ရတာပါ။
အသက် ၆၉ နှစ်အရွယ် ဆွစ်ဇာလန်အမျိုးသမီး ကလော်ဒီယာအက်ဘ်ကလည်း တနှစ်ခွဲကြာ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။
နိုင်ဂျာနိုင်ငံဟာ အိမ်နီးချင်း မာလီနဲ့ ဘာကီနာဖာဆိုနိုင်ငံတွေလိုပဲ အယ်လ်ကိုင်းဒါးနဲ့ အစ္စလာမ္မစ်နိုင်ငံ (IS) အဖွဲ့တွေနဲ့ ချိတ်ဆက်ထားတဲ့ ဂျီဟတ်ဒ် သူပုန်တွေရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်။
ဒီပဋိပက္ခတွေကြောင့် လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း အနောက်အာဖရိက ဆာဟယ်ဒေသတခွင်မှာ လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ရပြီး သန်းနဲ့ချီတဲ့သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့နှစ်ကစလို့ နိုင်ဂျာနိုင်ငံမှာ လူပြန်ပေးဆွဲမှုတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။
Source: Reuters











