
ဆွစ်ဇာလန်နိုင်ငံအရှေ့ပိုင်း အယ်လ်ပိုင်းတောင်တန်းဒေသမှာ ဒတ်ချ်ခရီးသွားအဖွဲ့ကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီး မှောက်သွားလို့ လူအများအပြား သေဆုံးပြီး တော်တော်များများ ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
ဂရောင်းဗြွန်းဒန်းကန်တွန်နယ်မြေ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဒီယာဉ်မတော်တဆမှုဟာ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ဖြစ်ပွားခဲ့တာပါ။
ဒတ်ချ်ခရီးသွားဘတ်စ်ကားဟာ ဇာနက်ဇ်ဘက်ကနေ အင်ဂါဒင်းလမ်းမအတိုင်း ဇုရှ်ရွာဘက်ကို မောင်းနှင်လာချိန်မှာ လမ်းဘေးအတားအဆီးကို ဝင်တိုက်မိပြီး ကားက လမ်းဘေး ချော်ထွက်သွားကာ ညာဘက်ဘေးစောင်းပြီး တိမ်းမှောက်သွားတာ ဖြစ်ပါတယ်။
OAD ခရီးသွားလုပ်ငန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကတော့ ဘတ်စ်ကား မတော်တဆမှုဖြစ်ခဲ့တာ မှန်ကန်ကြောင်းနဲ့ ကားပေါ်မှာ ဒတ်ချ်နိုင်ငံသား ၄၈ ယောက် ပါဝင်ကြောင်း အတည်ပြုပါတယ်။ ရဲတပ်ဖွဲ့ကလည်း ကားဟာ ပုံမှန်အရွယ်အစားဖြစ်ပြီး လူအပြည့်နီးပါး ပါလာတယ်လို့ ဆိုပါတယ်။
ဂပေါင်းဒန်နယ်မြေရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရိုမန်ရုအက်ဂ်က အခင်းဖြစ်ပွားတဲ့နေရာဟာ ကယ်ဆယ်ရေးလုပ်ဖို့ လမ်းပန်းဆက်သွယ်ရေး အတန်သင့် လွယ်ကူတာကြောင့် ဒဏ်ရာရသူတွေကို ကူညီဖို့ လူနာတင်ယာဉ် အများအပြားနဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေကိုပါ အမြန်ဆုံး အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။
ကား ဘာကြောင့် လမ်းဘေးချော်ထွက်သွားရသလဲ ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သေဆုံး/ဒဏ်ရာရသူ အရေအတွက် အသေးစိတ်ကိုလည်း နောက်ပိုင်းမှာ ထပ်မံထုတ်ပြန်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Source: Reuters











