
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မတ် ၂၂ ရက် ညနေက တော်လှန်ရေးတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်လို့ ၂ ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဂန့်ဂေါအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီနေ့ ညနေ ၃ နာရီခွဲလောက်မှာ ရေမျက်နီရွာနဲ့ ညောင်လယ်ရွာကြားမှာ ယောကာကွယ်ရေးတပ် (YDF) ရဲဘော်တွေက YDF ကနေ ခွဲထွက်ထားတဲ့ YDF စစ်ဒေသရုံးအဖွဲ့ဘက်က ရဲဘော်တွေကို တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြတာပါ” လို့ ပြောပါတယ်။
ပစ်ခတ်မှုအတွင်း YDF ခွဲထွက်အဖွဲ့ဘက်က ဗိုလ်ကြီးကောင်းကောင်းနဲ့ ရဲဘော် စိုင်းဇော်ဝင်းတို့ ၂ ယောက် သေဆုံးခဲ့ကြသလို ဒဏ်ရာရတဲ့သူလည်း ၂ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က“မြတ်သူ ခေါင်းဆောင်တဲ့ YDF အဖွဲ့က ဒီဘက်မှာ အင်အားကြီးတယ်။ အဲဒီ မြတ်သူတို့နဲ့ အခု ကျသွားတဲ့ ဗိုလ်ကြီးကောင်းကောင်းတို့ဆိုတာ YDF ထဲမှာ အတူတူတော်လှန်ရေးလုပ်ကြတာ။ သူတို့တွေ ဘယ်လို သဘောထားကွဲလွဲကြတယ်မသိဘူး။ ကျန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းက ဗိုလ်ကြီးကောင်းကောင်း က YDF ကနေခွဲထွက်ပြီး သူ့ရဲဘော်တချို့နဲ့ တော်လှန်ရေး ဆက်လုပ်နေကြတာ။ ဗိုလ်ကြီးကောင်းကောင်း တို့ကလည်း YDF ကနေ ခွဲထွက်ထားတယ် ဆိုပေမဲ့ တရားဝင်ခွဲထွက်ထားတာတော့ မဟုတ်ဘူး။ အဲဒီတော့ YDF တပ်ဖွဲ့ဝင်တွေအချင်းချင်း ပစ်ခတ်မှု ဖြစ်ကြတယ်လို့ပဲ ပြောရမယ်။ ဘယ်လိုပဲ သဘောထားတွေ ကွဲလွဲနေနေ ရန်သူစစ်တပ်ကို ပစ်ရမဲ့ ကျည်ဆန်က အချင်းချင်း ပစ်ခတ်ကြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးရတာကတော့ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ အချင်းချင်း အဲဒီလို ဖြစ်ကြတယ်ဆိုတာ မဖြစ်သင့်သလို ကြားလို့လည်း မကောင်းဘူး။ ဗိုလ်ကြီးကောင်းကောင်း က သူ့သားလေး ရှင်ပြုပွဲလုပ်ဖို့ ပြန်လာတာကို YDF ရဲဘော်တွေက ကားနဲ့လာပစ်သွားတာလို့ သိရတယ်။ အဲဒီဖြစ်စဥ်ကို YDF ရဲ့ ထုတ်ပြန်ချက်မှာက တကယ့်မြေပြင်ဖြစ်စဥ်နဲ့ တော်တော်လေးကွဲလွဲနေတယ်”လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း YDF ခေါင်းဆောင် ကိုမြတ်သူ ဟာ ရုံးဆောက်ဖို့ အကြောင်းပြပြီး ဂန့်ဂေါမြို့နယ်အတွင်းမှာရှိတဲ့ ကျွန်းစိုက်ခင်းတွေထဲကနေ ကျွန်းသစ်အများအပြား ခုတ်ယူကာ ကားကြီးတွေနဲ့ သယ်ဆောင်သွားခဲ့သေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဆိုပါဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ယောကာကွယ်ရေးတပ် (YDF) ဆီကို DVB ဘက်က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ဗိုလ်ကြီးကောင်းကောင်းဟာ ပြစ်မှုတွေကြောင့် အချုပ်ချထားခဲ့ရာက ၂၀၂၅ ခုနှစ် မေ ၈ ရက်နေ့မှာ အချုပ်ထောင်ကနေ ထွက်ပြေးသွားတဲ့ ရာဇဝတ်သား တယောက် ဖြစ်ပါတယ်။
အချုပ်ထောင်ကနေ ထွက်ပြေးသွားပြီးတဲ့နောက်ပိုင်းမှာလည်း YDF တပ်ဖွဲ့ဝင် တချို့ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခဲ့သူတယောက် ဖြစ်တယ်လို့ ယောကာကွယ်ရေးတပ် (YDF) ဘက်က မတ် ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ယောကာကွယ်ရေးတပ် (YDF) တပ်ဖွဲ့ဝင်တွေအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကြတဲ့အပေါ် ယောမြေ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် (Yawland IDP’s Support Network) ကလည်း ကန့်ကွက်ရှုတ်ချကြောင်း မတ် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။










