DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် ကြားကာလပညာရေး စာသင်ကျောင်းများ၌ ဆရာများကို မွမ်းမံသင်တန်းပေး
သီရိ
·
September 9, 2026
ဆရာအတတ်ပညာ သင်တန်း။ (Photo: ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့)
ဆရာအတတ်ပညာ သင်တန်း။ (Photo: ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့)
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ ကြားကာလပညာရေးက စာသင်ကျောင်းတွေမှာ လုံခြုံရေးနဲ့ စားဝတ်နေရေး အခက်အခဲကြားက ပညာသင်ကြားပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကို မွမ်းမံသင်တန်း၊ စွမ်းရည်မြှင့်သင်တန်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မကွေးဒေသ ကြားကာလ အခြေခံပညာရေးကိုယ်စားပြုဘုတ်အဖွဲ့က စီစဉ်တဲ့ ဆရာအတတ်သင် မွန်းမံသင်တန်းမှာ သင်တန်းတက်ရောက်ထားတဲ့ ပညာရေးကောလိပ်က CDM ဆရာတွေကတဆင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကို ပြီးခဲ့တဲ့ ဩဂုတ်လက ဆရာဖြစ်သင်တန်း ပြန်ပို့ချခဲ့တာပါ။

အဲဒီသင်တန်းမှာ ပညာရေးစိတ်ပညာ၊ ပညာရေးသဘောတရား၊ ကျောင်းသူ ကျောင်းသားတွေကို သင်ပြနည်း စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ဆီကနေ သိရပါတယ်။

ဂန့်ဂေါမြို့နယ်က ကျောင်းတွေမှာ CDM ဆရာ၊ ဆရာမ ၄၀၀ ကျော်၊ စေတနာ့ဝန်ထမ်း ၈၀၀ ကျော်နဲ့ ကြားကာလ ပညာသင်ကျောင်းတွေ လည်ပတ်နေတာ ဖြစ်ပါတယ်။

အဲဒီလို ကြားကာလကျောင်းတွေမှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ဆရာအတတ်သင် မွမ်းမံသင်တန်းတွေ ပေးခဲ့တဲ့အကြောင်း ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံက ပြောပြပါတယ်။

“မကွေးဖက်ဒရယ်ယူနစ် ပညာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ မကွေးဒေသ ကြားကာလ အခြေခံပညာရေးဘုတ်အဖွဲ့ MIBERB၊ အရင်တုန်းကဆိုရင်တော့ တိုင်းပညာရေးမှူးရုံးပေါ့၊ အဲဒီကနေစီစဉ်တဲ့ သင်တန်းတခု ပြုလုပ်ခဲ့ပါတယ်။ မြို့နယ်အတွင်းမှာရှိတဲ့ ဆရာတွေကို ဆရာဖြစ်သင်တန်း ပို့ချတယ်၊ အဲဒီကနေမှ အဲဒီ ဆရာဖြစ်သင်တန်းကို တက်ရောက်ခဲ့တဲ့ ဆရာကြီး ဆရာမကြီးတွေမှတဆင့် မြို့နယ်အသီးသီးမှာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကို ပညာရေးစိတ်ပညာ၊ ပညာရေးသဘောတရားတွေကို ပြန်လည်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။”

ဂန့်ဂေါမြို့နယ်မှာ အရင်ကလည်း စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေအတွက် မွမ်းမံသင်တန်းတွေ ရှိခဲ့ပေမဲ့ ဆရာ၊ ဆရာမ အချင်းချင်း လက်ဆင့်ကမ်း မျှဝေတဲ့သဘောမျိုးပဲ ရှိခဲ့တာလို့ ဆရာမတယောက်က ပြောပါတယ်။

“volunteer ဆရာမတွေက ကလေးတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ ဆိုတာပေါ့၊ ပညာရေးဝန်ထမ်း ဆိုရင်တော့ ပညာရေးဝန်ထမ်းကျတော့ ကျောင်းမှကတည်းက တခါတည်း သင်လိုက်တာကိုး။ အခုက သူတို့က volunteer ဆရာမတွေဆိုတော့ သူတို့က ဘာသာရပ်ပိုင်းဆိုင်ရာပဲ ကျွမ်းကျင်တာဆိုတော့ ပညာရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူ အကုန်လုံး ပို့ချပေးတာ ဖြစ်ပါတယ်။ volunteer သင်တန်းက အရင်နှစ်တွေကလို အုပ်စုအလိုက် ပိုင်းခြားပြီးတော့မှ ကိုယ့် CDM အချင်းချင်း လုပ်ခဲ့တာတွေ ရှိပါတယ်၊ အရင်နှစ်တွေကလေ။”

တော်လှန်ရေးတပ်တွေ နေရာအများစု စိုးမိုးထားတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကြားကာလပညာရေးမှာ အခြေခံပညာစာသင်ကျောင်း ၁၀၀ ကျော် ဖွင့်လှစ်ထားပြီး မြို့နယ်ရဲ့ ၇၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်တယ်လို့ ဆရာ၊ ဆရာမတွေက ပြောပါတယ်။

အဲဒီကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ အယောက် ၁၄,၀၀၀ ကျော်နဲ့ ပညာရေးကဏ္ဍကို အောင်မြင်စွာ လည်ပတ်နေနိုင်တယ် ဆိုပေမဲ့ တဖက်မှာတော့ စာရေးကိရိယာ ဈေးကြီးမြင့်မှုနဲ့ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းတွေကို အချိန်မှန် မဖွင့်လှစ်နိုင်တဲ့ အခြေအနေတွေကို ကြုံနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013