
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ အသက် ၂၁ နှစ် အရွယ် အမျိုးသမီးတယောက်ကို ပြန်ပေးဆွဲပြီး မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ ၃ ယောက်ကို ဇူလိုင် ၂၁ ရက်မှာ မြစ်ကြီးနားခရိုင်ရားရုံးက ထောင်ဒဏ် နှစ် ၁၄၀ နဲ့ တသက်တကျွန်း အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပြစ်မှုကျူးလွန်ရာမှာ ခေါင်းဆောင်ဖြစ်သူ နော်လီကို ထောင်ဒဏ်နှစ် ၁၄၀ နဲ့ တသက်တကျွန်းအမိန့်ချခဲ့ပြီး တန်ဘောင်နော်အောင်နဲ့ ရှိုင်းထက်လွင်တို့ကို ထောင်ဒဏ်နှစ် ၁၂၀ နဲ့ တသက်တကျွန်းအမိန့်ချခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က DVB ကိုပြောပါတယ်။
“အဲဒီအမှုမှာ ပြစ်မှုကျုးလွန်တဲ့သူက ၇ ယောက်၊ ရဲကမိတာ ၄ ယောက်၊ ၃ ယောက်က လွတ်နေတယ်။ မိတဲ့ ၄ ယောက်ထဲမှာ ၁ ယောက်အသက်မပြည့်သေးလို့ အမိန်ချလို့မရသေးဘူး။ နှစ်ရှည်ထောင်ဒဏ်အမိန့်ချလိုက်တဲ့ ၃ ယောက်စလုံးက ပြစ်မှု ၆ မှု၊ ၇ မှု ကျူးလွန်ဖူးတဲ့ သူတွေချည်းပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက မြစ်ကြီးနားမြိုနယ်၊ တပ်ကုန်းရပ်ကွက်၊ ဂျပန်လမ်းမှာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတယောက်ကို ပြန်ပေးဆွဲပြီး မုဒိမ်းကျင့်သတ်ဖြတ် ရွှေထည်ပစ္စည်းတွေ လုယက်ခဲ့ကြတာပါ။
အဲဒီဖြစ်စဉ်ကနေ ကျူးလွန်သူ ၄ ယောက်ကို စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက အခုနှစ် ဇန်နဝါရီလအတွင်းမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း စစ်အာဏာရှင်လက်အောက်ခံတရားရုံးတွေမှာ လူသတ်လုယက်မုဒိမ်းကျင့် သတ်ဖြတ်သူတွေကို သေဒဏ်ကြိုးမိန့်နဲ့ ထောင်ဒဏ်တသက်တကျွန်းအမိန့်တွေ ဆက်တိုက်ချလာတကို တွေ့ရပါတယ်။











