
စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်မှာ မေ ၂၂ ရက် နေ့လယ်ပိုင်းက ချင်းတွင်းမြစ်အတွင်း ရေစီးနဲ့ မျောလာတဲ့ အလောင်း ၃ လောင်းကိုတွေ့ရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ဆီကနေ သိရပါတယ်။
ကနီမြို့အောက်ဘက်မှာရှိတဲ့ မြစ်ကမ်းဘေးကျေးရွာတွေက ဒေသခံတွေ တွေ့ရှိခဲ့ကြတာပါ။
ဒေသခံတယောက်က “ကျနော်တို့ မြစ်ထဲ ရေချိုးသွားတဲ့အချိန် အဲဒီ အလောင်း ၃ လောင်းကို တွေ့ခဲ့တာ။ ရေစီးနဲ့အတူ မျောပါလာတာပေါ့။ အလောင်း ၃ လောင်းစလုံးက အမျိုးသား အလောင်းတွေဗျ။ အသက်အရွယ်တော့ ခန့်မှန်းလို့ မရဘူး။ အလောင်းတွေက ပုပ်ပွနေတာလို့” ပြောပါတယ်။
ကနီ ဒေသခံ တော်လှန်ရေး အဖွဲ့ တာဝန်ရှိသူတွေကတော့ အဲဒီအလောင်းတွေဟာ ကနီမြို့ပေါ်မှာ တပ်စွဲနေတဲ့ စစ်သားတွေဖြစ်တယ်လို့ ပြောပေမဲ့ DVB အနေနဲ့ အတည်မပြုနိုင်ပါတယ်။
ကနီမြို့နယ် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “အခုရက်ပိုင်းအတွင်း ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်တာလည်း ရှိတယ်။ ကနီအနောက်ဘက် ခိုတွင်းရွာအနီးမှာလည်း ဖြစ်တယ်။ နောက်ပြီး ရှမ်းမြောင်း၊ တဇယ်ချောင် စတဲ့ရွာအနီးမှာလည်း ဖြစ်တယ်ဗျ။ အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က အကျအဆုံး အထိအခိုက်တွေ ရှိတယ်။ သူတိုဘက်က ဒဏ်ရာပြင်းထန်ရတဲ့သူတွေက ကနီမြို့ပေါ်ရောက်မှ သေလို့ အခုလို မြစ်ထဲ မျှောပစ်တာ ဖြစ်နိုင်တယ်။ စစ်သားအစစ်လား၊ ပျူစောထီးတွေလား၊ ပြည်သူ့စစ် ဆိုတဲ့ ကောင်တွေလား ဆိုတာကတော့ ကျနော်တို့ တိတိကျကျ မသိဘူး။ အောက်ခြေအဆင့်ကောင်တွေ ဖြစ်ဖို့များပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ယင်းမာပင်ခရိုင်ထဲက ကနီမြို့နယ်ကို ဧပြီ ၂၈ ရက်ကစလို့ မေ ၂၃ ရက် အထိ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
အင်အား ၁,၀၀၀ လောက်ရှိတဲ့ စစ်ကြောင်း ၃ ခုရဲ့ ထိုးစစ်ကြောင့် ချင်းတောင်၊ လယ်ရှည်၊ လင်ပုန်းရည်၊ ချောင်းမ၊ အောင်မင်္ဂလာ၊ သင့်ဝင်၊ မင်းမ ကျေးရွာတို့ အပါအဝင် ကျေးရွာ ၄၄ ရွာက ဒေသခံပြည်သူ ၃၀,၀၀၀ ကျော်ဟာ မေ ၂၃ ရက်အထိ ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး ဆေးဝါးနဲ့ အဝတ်အထည်၊ စားသောက်စရာတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း သိရပါတယ်။











