
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲတိုက်မှာ ရုပ်အလောင်း ထုတ်ယူရာမှာ မိသားစုဝင်တွေဆီ ရင်ခွဲတိုက်တာဝန်ရှိသူက အကြောင်းအမျိုးမျိုးပြ ငွေညှစ်တောင်းခံတာတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့ပြည်သူ့ဆေးရုံကနေ မြဝတီ လူမှုကယ်ဆယ်ရေးအသင်းပိုင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တဲ့ ဦးနှောက်သွေးကြောပေါက် လူနာဟာ ဆေးကုသမှုခံယူရင်း အောက်တိုဘာ ၂၈ ရက် မနက် ၇ နာရီခွဲလောက်က သေဆုံးခဲ့ပါတယ်။
ဒါကြောင့် သေဆုံးသူရဲ့ ရုပ်အလောင်းကို မြဝတီ လူမှုကယ်ဆယ်ရေးအသင်းပိုင်ယာဉ်နဲ့ မြဝတီမြို့ကို ပြန်လည်သယ်ဆောင်ဖို့ လူနာရှင်တွေက ရုပ်အလောင်းထုတ်ယူရာမှာ ရန်ကုန်ဆေးရုံကြီး ရင်ခွဲတိုက်တာဝန်ခံက အကြောင်းအမျိုးမျိုးပြ ငွေညှစ်တောင်းခံခဲ့ပါတယ်။
ဒါ့အပြင် ဆေးမှတ်ပုံတင်မရှိတဲ့ Ambulance ပုဂ္ဂလိကပိုင်ယာဉ်တွေနဲ့ တင်ဆောင်မှသာ အလောင်း ချက်ချင်းထုတ်ယူခွင့်ပြုမယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
“ရန်ကုန်ဆေးရုံကြီးဆိုတာက အနယ်နယ်အရပ်ရပ်က လာကုနေတဲ့ လူတွေချည်းပဲလေ။ ကောင်းသွားတဲ့လူတွေ ရှိသလို ဆုံးသွားတဲ့လူတွေ ရှိတယ်။ ဆုံးသွားတဲ့လူတွေ ဆိုတာက ဆေးကုပြီးမှ ဆုံးသွားတော့ သူတို့လက်ထဲမှာ ပိုက်ဆံရှိချင်လည်း ရှိမယ်၊ မရှိချင်လည်း မရှိဘူး။ သူတို့နယ်ခံကားတွေလာလို့ အကြုံလိုက်ရင် ပိုက်ဆံကုန်သက်သာမယ်။ လူပင်ပန်းလည်း သက်သာမယ်။ သူတို့က အဲလိုမဟုတ်ဘူး။ သူတို့ကားနဲ့ပဲ သွားရမယ်တဲ့။ သူတို့ကားနဲ့သွားရင် အလောင်းကို ချက်ချင်းထုတ်လို့ရတယ်။ သူတို့ကားနဲ့ မသွားလို့ရှိရင် အလောင်းပဲ ထုတ်လို့မရတော့ဘူးလိုလို အဆင်ပဲ မပြေတော့ဘူးလိုလို အဲလိုတွေ သူတို့ပြောတယ်။ အဲဒါတခု ခက်ခဲတယ်။”
ပြီးခဲ့တဲ့ မေ ၃၀ ရက်က မြောက်ဥက္ကလာဆေးရုံကြီးမှာ ရင်ခွဲရုံဝန်ထမ်းတွေက သေဆုံးသူရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေကို မထုတ်ပေးဘဲ အကြောင်းအမျိုးမျိုးပြ ငွေညှစ်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့် မြောက်ဥက္ကလာဆေးရုံကြီး ရင်ခွဲရုံ ငွေညှစ်မှုဖြစ်စဉ်နဲ့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံမှာ ငွေညှစ်နေတဲ့ ဝန်ထမ်းတွေ၊ မသမာတဲ့ လူနာတင်ယာဉ်တွေနဲ့ ပရဟိတ တက္ကစီယာဉ်တွေကို ကြီးကြပ်အရေးယူမဲ့ အစီအမံတွေကို ဇွန် ၅ ရက် ညပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးသွားတဲ့ လူနာရှင်တွေဟာ ဆေးဝါးကုသစရိတ် ကုန်ကျတာအပြင် အလောင်းထုတ်ယူဖို့ ငွေညှစ်တာတွေကြောင့် အဘက်ဘက်က ဒုက္ခရောက်တယ်လို့ ဘားအံမြို့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
“Dead Body ကို ထုတ်ဖို့က သူတို့က သူတို့ကားနဲ့ချိတ်မှ အဲဒီမှာ အကုန်လုံးက ငွေရေးကြေးရေးချည်းပဲ။ ရှိတဲ့လူက အကြောင်းမဟုတ်ဘူး၊ မရှိတဲ့လူက ဘယ်လိုလုပ်ပြီးတော့ အဆင်မပြေဘူးပေါ့။ ကုန်ကျစရိတ် အဘက်ဘက်ကရှိတယ်။ လူနာရှင်တွေ တော်တော်ဒုက္ခရောက်တယ်။ ဟိုမှာ သေဆုံးလို့ ပူဆွေးနေရတာက တမျိုး။ အလောင်းကို Morgue သေတိုက်မှာ ထိုင်တဲ့သူတွေက ကိုင်ထားတာပေါ့။ ထုတ်လို့မရတဲ့ အခါကျတော့ အခက်အခဲတွေ ဖြစ်တယ်လေ။ ကိုယ့်ရဲ့မိသားစု သေဆုံးလို့ ပူဆွေးရတာတမျိုး၊ ပြီးတော့ သေတိုက်က အလောင်းထုတ်လို့ မရတာတမျိုး။ အလောင်းက ထုတ်လို့မရတာ မဟုတ်ဘူး၊ ထုတ်ခွင့်ပြုတယ်။ ဒါပေမဲ့ ဒီဆေးရုံနဲ့ Morgue ကြား Morgue တာဝန်ခံက ကိုင်ထားတာ။ အကြောင်းပြချက်ပေါ့။ ဒုက္ခရောက်တယ်၊ တကယ် ဒုက္ခရောက်တယ်။”
လက်ရှိမှာလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ်လူနာပို့ဆောင်ရာမှာ သထုံ-ရန်ကုန် လမ်းကြောင်းပေါ်က စက်သုံးဆီအရောင်းဆိုင်တွေက စက်သုံးဆီ ရောင်းချမပေးတဲ့အတွက် အရေးပေါ်လူနာ ပို့ဆောင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။
အောင်ခန့်











