DVB Logo
Home
နိုင်ငံတကာ
ဂါဇာအပျက်အစီး တန်ချိန်ပေါင်း ၆၁ သန်းအောက်၌ ရုပ်အလောင်း ၁၀,၀၀၀ နီးပါးရှိနေ
DVB
·
September 28, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဘေးကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးထုကြီးကို ရှင်းလင်းဖို့အတွက် အနည်းဆုံး ၇ နှစ်ကနေ ၁၀ နှစ်အထိ ကြာမြင့်နိုင်ပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျနိုင်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရဲ့ ခန့်မှန်းချက်​အရ ဒီအပျက်အစီးတွေအောက်မှာ ရုပ်အလောင်း ၈,၀၀၀ နဲ့ ၁၀,၀၀၀ ကြား ပိတ်မိနေနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒီရုပ်အလောင်းတွေ ပြန်လည်ရရှိရေးဟာ ဂါဇာမှာရှိနေတဲ့ မိသားစုတွေအတွက် အလွန်အရေးကြီးပါတယ်လို့ UNDP ရဲ့ အထူးကိုယ်စားလှယ် ယာကို ဆီလီယာစ်က မှတ်ချက်ပေးပါတယ်။

“ဂါဇာဒေသရဲ့ အပျက်အစီး စုစုပေါင်းပမာဏဟာ တန်ချိန်ပေါင်း ၆၁ သန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်း ကမ္ဘာတဝန်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအားလုံးရဲ့  အပျက်အစီးပမာဏထက်ကို အဆ ၂၀ လောက် ပိုပြီးများတယ်။” 

၂ နှစ်ကျော်ကြာ ရှင်းလင်းရေးလုပ်ငန်းတွေ စတင်ခဲ့ပြီးနောက် အပျက်အစီးတန်ချိန်ပေါင်း ၉၀၇,၀၀၀ နီးပါး ဖယ်ရှားနိုင်ခဲ့တဲ့အပြင် အဲဒီထဲက တန်ချိန်ပေါင်း ၃၀၀,၀၀၀ ကျော်ကိုပါ ပြန်လည်အသုံးချနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း အဲဒီပမာဏက စုစုပေါင်းအပျက်အစီးရဲ့  ၁ ဒသမ ၅ ရာခိုင်နှုန်းလောက်သာ ရှိပြီး အများစုကို လမ်းတွေပြင်ဖို့နဲ့ ချိုင့်ခွက်တွေ ဖာထေးဖို့အတွက် အသုံးပြုကြပါတယ်။

အခုလိုမျိုး ပြန်သုံးနိုင်အောင် ချေမွထားတဲ့ ကွန်ကရစ်အပိုင်းအစ တချို့ကတော့  မိုးရေနဲ့ မိလ္လာရေတွေ မဝင်လာအောင် ယာယီခိုလှုံရေး စခန်းတွေနဲ့ တဲတွေကို မြှင့်ပေးထားတဲ့ အောက်ခံအနေနဲ့ ခင်းပေးထားပါတယ်။

လက်ရှိမှာလည်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ဆက်လက်ဆိုးရွားနေဆဲ ဖြစ်တဲ့အလျောက် ဂါဇာဒေသခံ ၂ ဒသမ ၁ သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲပဲ ဖြစ်ပါတယ်။

လာမဲ့ ဆယ်စုနှစ်အတွင်း ဂါဇာပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးအတွက် စုစုပေါင်းကုန်ကျစရိတ်ဟာ ဒေါ်လာ ၇၁ ဒသမ ၅ ဘီလီယံအထိ ရှိနိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

ပထမ ၁၈ လအတွင်း ရေတိုအစီအစဉ်မှာ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပြန်လည်ရရှိလာဖို့၊ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ အထိုင်ကျဖို့နဲ့ များပြားလှတဲ့ အပျက်အစီးထုကြီး ရှင်းလင်းဖို့အတွက် ဒေါ်လာ ၂၆ ဒသမ ၃ ဘီလီယံလောက် ကနဦး လိုအပ်ပါတယ်။

အဲဒီထဲမှာ အခြေခံအဆောက်အအုံ ပျက်စီးမှုဟာ ဒေါ်လာ ၃၅ ဒသမ ၂ ဘီလီယံနဲ့ အများဆုံးဖြစ်ပြီး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ဆုံးရှုံးမှုကတော့ နောက်ထပ် ဒေါ်လာ ၂၂ ဒသမ ၇ ဘီလီယံဖိုးလောက် ရှိနေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013