
ဧရာဝတီတိုင်း၊ မအူပင်မြို့၊ မအူပင်-ဆားမလောက် အဝေးပြေးကားလမ်းဘေး ရေမြောင်းအတွင်းမှာ အမည်မသိ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
အောက်တိုဘာ ၉ ရက် မနက် ၇ နာရီခွဲလောက်က မအူပင်တံတားအနီး၊ မအူပင်မြို့ အရှေ့ဘက်ကမ်းမှာရှိတဲ့ တပင်ရွှေထီးဘုရား မျက်နှာချင်းဆိုင် ကားလမ်းဘေး ရေမြောင်းအတွင်းမှာ ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။
တွေ့ရှိချိန်မှာ အဲဒီအမျိုးသား သေဆုံးနေတာ ရက်အနည်းငယ်ကြာပြီလို့ ခန့်မှန်းရပြီး လက်ရှိအချိန် အထိ သေဆုံးသူရဲ့ အမည်နဲ့ နေရပ်လိပ်စာကို မသိရသေးဘူးလို့ ဆိုပါတယ်။
မအူပင်မြို့ခံတယောက်က “မအူပင်တံတားအနီး ကားလမ်းဘေး ရေမြောင်းထဲမှာ ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။ သေဆုံးနေတာ ရက်အနည်းငယ်ကြာပြီလို့ ယူဆရပါတယ်” လို့ ပြောပါတယ်။
အဲဒီရုပ်အလောင်းကို အနှိုင်းမဲ့မေတ္တာလူမှုကူညီရေးအသင်း (မအူပင်မြို့) က လူနာတင်ယာဉ်နဲ့ မအူပင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ သေဆုံးရတဲ့အကြောင်းရင်းကို မသိရသေးဘူးလို့ သိရပါတယ်။











