
တရုတ်နဲ့ ရုရှားရေတပ်တွေ အခုလထဲမှာ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်းပြည်နယ်က ချင်းဒေါင်ဆိပ်ကမ်းမြို့နားက ရေပြင်နဲ့ လေပိုင်နက်တို့မှာ ပူးတွဲ ပင်လယ် ၂၀၂၆ လို့ နာမည်ပေးထားတဲ့ ရေတပ်လေ့ကျင့်ခန်းကို ဆင်နွှဲမယ်လို့ တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၅ ရက်မှာ ကြေညာပါတယ်။
လေ့ကျင့်ခန်းအပြီးမှာ နှစ်ဖက်တပ်ဖွဲ့တချို့က ပစိဖိတ်သမုဒ္ဒရာရဲ့ သက်ဆိုင်ရာနေရာတွေမှာ ပူးတွဲရေကြောင်းကင်းလှည့်မယ်လို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ဇွန် ၅ ရက် အထိ လေ့ကျင့်ခန်းမှာပါတဲ့ ရုရှားဘက်က သင်္ဘောတွေ ချင်းဒေါင် စစ်ဘက်ဆိပ်ကမ်းတခုဆီ ရောက်လာပြီး ပါတဲ့တပ်ဖွဲ့အားလုံး စုဝေးမှု ပြီးစီးခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရုရှားဟာ လေ့ကျင့်ခန်းအတွက် ပဲ့ထိန်းဒုံးကျည်တင် သင်္ဘောတစင်း၊ ဖရီးဂိတ် တိုက်သင်္ဘောတစင်း၊ ရေငုပ်သင်္ဘော တစင်းနဲ့ ကယ်ဆယ်ရေးသင်္ဘောတစင်းကို တပ်ချထားခဲ့ပါတယ်။
တရုတ်ဘက်က ပါဝင်သူတွေဟာ အဓိကအားဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရေတပ်က တပ်ဖွဲ့တွေဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘောတွေ၊ ပြည့်စုံတဲ့ ထောက်ပံ့ရေး သင်္ဘောတစင်း၊ ကယ်ဆယ်ရေး သင်္ဘောတစင်းနဲ့ ရေငုပ်သင်္ဘောတစင်းတို့ ပါပါတယ်။
နှစ်ဖက်စလုံးက သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်တဲ့ ရဟတ်ယာဉ်တွေနဲ့ ရေတပ်တပ်စိတ်တွေကိုလည်း တာဝန်ချထားမှာပါ။
ရေကြောင်းလုံခြုံရေး ခြိမ်းခြောက်မှုတွေကို ပူးတွဲတုံ့ပြန်ဖို့ အာရုံစိုက်တဲ့ လေ့ကျင့်ခန်းမှာ အဆင့်သုံးဆင့်ရှိပါတယ်။
တပ်ဖွဲ့တွေ စုစည်းခြင်း၊ ဆိပ်ကမ်းမှာ စီစဉ်ခြင်းနဲ့ ပင်လယ်ပြင်စစ်ဆင်ရေးတွေ၊ နှစ်ဖက်စလုံး ပူးတွဲကင်းထောက်ခြင်း၊ လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေး၊ ရေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေအပြင် တခြားလေ့ကျင့်ရေး အခြေအနေတွေကို ပင်လယ်ပြင်မှာ အသွင်ယူ လေ့ကျင့်မှာ ဖြစ်ပါတယ်။
နှစ်ဖက်စလုံးက ဝန်ထမ်းတွေဟာလည်း ပညာရှင်ဆန်ဆန် ဖလှယ်ပြီးတဲ့နောက် သက်ဆိုင်ရာသင်္ဘောတွေဆီ သွားလည်ဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်ခန်းဟာ နှစ်နိုင်ငံစစ်တပ်တွေအကြား နှစ်စဉ်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး လုံခြုံရေးစိန်ခေါ်မှုတွေကို ပူးတွဲတုံ့ပြန်ဖို့၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters










