
အီရန်နိုင်ငံရဲ့ တောင်းဆိုချက်တွေ မပြည့်မီမချင်း အမေရိကန်အစိုးရနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ အီရန်က ပါကစ္စတန် စစ်ဦးစီးချုပ်ကို အောက်တိုဘာ ၂၀ ရက်မှာ ပြောခဲ့တယ်လို့ အီရန်နိုင်ငံဆိုင်ရာ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတို့အကြား အဓိက ကြားဝင်စေ့စပ်ပေးသူ ပါကစ္စတန်နိုင်ငံက ကြိုးပမ်းအားထုတ်နေပေမဲ့ အီရန်ဘက်က သူ့သဘောထား ရပ်တည်ချက် ပိုတင်းမာလာတာကို ဒီလုပ်ရပ်က ထင်ရှားစေပါတယ်။
အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယန်က တီဟီရန်မြို့တော်မှာ ပါကစ္စတန် စစ်ဦးစီးချုပ် အာဆင် မူနီယာနဲ့ တွေ့ပြီး ကြားဝင်စေ့စပ်ရေး ကြိုးပမ်းချက်တွေနဲ့ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုတွေ အကြောင်း ဆွေးနွေးခဲ့တယ်လို့ နူးနယူးစ်သတင်းဌာနက ဖော်ပြပါတယ်။
အရင်ကလုပ်ခဲ့တဲ့ ကြားဝင်စေ့စပ်မှုတွေကြောင့် ဇွန်လမှာ ယာယီ ငြိမ်းချမ်းရေး သဘောတူညီချက်တခု ရခဲ့ပေမဲ့ သီတင်းပတ် အနည်းငယ်အကြာမှာ အီရန်နဲ့ အမေရိကန်တို့အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့လို့ သဘောတူညီချက် ပျက်ပြားသွားခဲ့ပါတယ်။
အီရန်ဘက်က ထုတ်ပြန်တဲ့ အစည်းအဝေး အနှစ်ချုပ် ဖော်ပြချက်အရ ပါကစ္စတန် စစ်ဦးစီးချုပ် မူနီယာက အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ကာလီဘက်ဖ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ပြီးခဲ့တဲ့လက အီရန်ဘက်က သတ်မှတ်ထားတဲ့ အချက် ၇ ချက်ကို အမေရိကန်ဘက်က ဖြည့်ဆည်းပေးခြင်း မရှိသရွေ့ အီရန်အစိုးရရဲ့ ယုံကြည်မှုကို ပြန်ရနိုင်မှာ မဟုတ်ဘူးလို့ ကာလီဘက်ဖ်က ပြောခဲ့ပါတယ်။
တောင်းဆိုချက်တွေထဲမှာ အီရန်ဆိပ်ကမ်းတွေအပေါ် အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရပ်တန့်ဖို့၊ ရေနံတင်ပို့မှုအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးဖို့နဲ့ ဒေသတွင်း နေရာအနှံ့အပြားမှာ ဖြစ်နေတဲ့ ရန်လိုတိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့တို့ ပါဝင်ပါတယ်။
အီရန်နိုင်ငံ လုံခြုံရေးဆိုင်ရာ အကြီးအကဲ မိုဆန် ရီဇာအီကလည်း မူနီယာနဲ့ သီးခြားတွေ့ဆုံချိန်မှာ အလားတူ သဘောထားမျိုးကို ပြောခဲ့ပါတယ်။
အီရန်ရဲ့ တောင်းဆိုချက်တွေ မပြည့်မီမချင်း အမေရိကန်အစိုးရနဲ့ ဆွေးနွေးမှာမဟုတ်ဘူးလို့ ရီဇာအီက ပြောခဲ့တဲ့အကြောင်း အီရန် မီဒီယာတွေက ဖော်ပြထားပါတယ်။
Source: Reuters











