
အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ လေကြောင်းနဲ့ အာကာသဌာနခွဲက အစိုင်အခဲ လောင်စာနဲ့ အရည်လောင်စာသုံး ပဲ့ထိန်းဒုံးကျည်တွေအပြင် ခရုဇ်ဒုံးကျည်တွေကိုပါ ထားတဲ့ ဒုံးကျည်စခန်းသစ်တခုကို အီရန်နိုင်ငံပိုင် IRIB သတင်းဌာနက အင်္ဂါနေ့မှာ ထုတ်ဖော် ပြသခဲ့ပါတယ်။
ဒုံးကျည်တချို့ကို အစ္စရေး၊ အမေရိကန်တို့နဲ့ ဖြစ်ခဲ့တဲ့ ၁၂ ရက်ကြာ စစ်ပွဲနဲ့ ရက် ၄၀ ကြာ စစ်ပွဲတွေ အတွင်း သုံးခဲ့တယ်လို့လည်း IRIB က ပြောပါတယ်။
အီရန်ဟာ သူ့ဒုံးကျည်တွေအတွက် ပစ်ခတ်နိုင်တဲ့ အကွာအဝေး ကန့်သတ်ချက်တွေကို ဖယ်ရှား လိုက်ပြီဖြစ်လို့ နိုင်ငံရဲ့ ဒုံးထိပ်ဖူးတွေဟာ အရင်ကထက် ပိုပြီး “အဖျက်စွမ်းအားကြီးမား” လာခဲ့ပါတယ်။
စခန်းဖွင့်ပွဲ အခမ်းအနားမှာ အီရန်လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်ဦးစီးချုပ် အလီ အဗ္ဗဒူလာဟီက အီရန် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ရန်သူတွေရဲ့ အင်အားနဲ့ အရင်းအမြစ်တွေကို ထည့်မစဉ်းစား ဘဲ ဆုံးဖြတ်ချက်တွေ ချလေ့ရှိတယ်လို့ ပြောခဲ့တဲ့အကြောင်း တစိတ်တပိုင်း အစိုးရပိုင် Fars သတင်းဌာနက ဖော်ပြပါတယ်။
IRGC ရဲ့ လေကြောင်းနဲ့ အာကာသဌာနခွဲ တပ်မှူးချုပ် ဆေးယဒ် မာဂျစ် မူဆာဗီက ရန်သူတွေအနေနဲ့ အီရန်နိုင်ငံအပေါ် လောဘတကြီး မျှော်ကြည့်တာ၊ ကျူးကျော်ချင်စိတ်နဲ့ စိုက်ကြည့်တာတွေ မလုပ်ဖို့ သတိပေးခဲ့ပြီး ရန်သူတွေဘက်က ဘယ်လိုအမှားမျိုးကိုမဆို ကျူးလွန်ရင် အီရန်ပြည်သူတွေအနေနဲ့ သူတို့ နောင်တရလောက်တဲ့ တုံ့ပြန်မှုမျိုး လုပ်သွားမယ် လို့လည်း အဲဒီအခမ်းအနားမှာပဲ ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေးနဲ့ အမေရိကန်တို့ဟာ တီဟီရန်မြို့တော်နဲ့ တခြား အီရန်မြို့ကြီး တွေကို ပူးတွဲတိုက်ခိုက်ခဲ့တာပါ။
တုံ့ပြန်တဲ့အနေနဲ့ အီရန်က ဒုံးကျည်တွေနဲ့ ဒရုန်းတွေသုံးပြီး ဒေသတွင်း အစ္စရေးနဲ့ အမေရိကန် စစ်စခန်းတွေ၊ ပိုင်ဆိုင်မှုတွေကို တိုက်ခိုက်ခဲ့ကာ ဟော်မုဇ်ရေလက်ကြားအပေါ် ပိုတင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့ပါတယ်။
Source:Reuters











